
အမေရိကန်လူငယ်တယောက်က Youtube နဲ့ Meta တို့ကို ဆိုရှယ်မီဒီယာစွဲလမ်းစေမှုအတွက် တရားစွဲမှုကို လော့အိန်ဂျလိစ်တရားသူကြီးက အနိုင်ပေးခဲ့ပြီး ဒေါ်လာ ၆ သန်း လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၂၀ အရွယ်ရှိ ကယ်လီဟာ ကလေးဘဝက ဆိုရှယ်မီဒီယာ စွဲလမ်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုအတွက် တရားစွဲခဲ့တာဖြစ်ပါတယ်။
Instagram ၊ facebook ၊ whatsapp တို့ကို ပိုင်တဲ့ Meta နဲ့ Youtube ပိုင်ရှင် Google တို့ဟာ ဆိုရှယ်မီဒီယာကို သုံးစွဲသူတွေ စွဲလမ်းမှုဖြစ်အောင် တည်ဆောက်ထားတယ်လို့ တရားသူကြီးတွေ က တွေ့ရှိခဲ့တာပါ။ Meta နဲ့ Google ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အယူခံဝင်မယ်လို့ ပြောထားပါတယ်။
Meta က“ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးက အရမ်းခက်ခဲပြီး ရှုပ်ထွေးပါတယ်။ app ၁ ခုတည်းကို သုံးရုံနဲ့ ဒီလို ဆုံးဖြတ်လို့ မရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ခုခံကာကွယ် သွားမှာပါ။ အွန်လိုင်းမှာ ဆယ်ကျော်သက်တွေကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ယုံကြည်ချက်ရှိပါတယ်” လို့ ပြောပါတယ်။
Google က “Youtube နဲ့ပတ် သက်ပြီး နားလည်မှုလွဲတာပါ။ Youtube က streaming platform ပါ၊ ဆိုရှယ်မီဒီယာ မဟုတ်ပါဘူး” လို့ ပြောထားပါတယ်။
ကယ်လီရဲ့ တရားစွဲဆိုမှုအောင်မြင်ခဲ့တာကြောင့် အမေရိကန်မှာ အခုလို အမှုမျိုး ရာနဲ့ချီရှိနေပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Meta က လျော်ကြေးငွေ ၇၀ ရာခိုင်နှုန်းပေးရမှာ ဖြစ်ကာ Google က ၃၀ ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ်။
ကယ်လီဟာ လျော်ကြေးအဖြစ် ဒေါ်လာ ၃ သန်း ရမှာဖြစ်ပြီး meta နဲ့ google တို့ရဲ့ ကြိုတင် ကြံစဉ်မှု၊ လှည့်ဖျားမှုတို့ကြောင့် ဒေါ်လာ ၃ သန်း ပေးရမယ်လို့ ဒဏ်ငွေ တပ်ခဲ့တာကြောင့် စုစုပေါင်း ဒဏ်ငွေ ဒေါ်လာ ၆ သန်းပေးရမှာ ဖြစ်ပါတယ်။
ကယ်လီရဲ့တရားစွဲဆိုမှုနဲ့ မဆိုင်ပေမဲ့ တခြားမိဘတွေကလည်း ဆိုရှယ်မီဒီယာဟာ လူတွေကို ထိခိုက်မှုတွေ ရှိတယ်လို့ တရားရုံးအပြင်မှာ ဆန္ဒဖော်ထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒါဟာ ဆိုရှယ်မီဒီယာပေါ်ပေါက်ပြီး နှစ် ၂၀ ကျော်လာပြီးနောက် ကလေးတွေနဲ့ ဆယ်ကျော်သက် တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုတွေ ထွက်ပေါ်နေချိန်မှာ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်က အလှည့်အပြောင်းတခု ဖြစ်လာမှာဖြစ်ပါတယ်။
Source: Reuters










