DVB Logo
Home
နိုင်ငံတကာ
ဆိုရှယ်မီဒီယာတွင် အကြမ်းဖက်လှုံ့ဆော်မှုများတားမြစ်သည့် ဥပဒေကြမ်း မက္ကဆီကို လွှတ်တော်၌ တင်သွင်းမည်
DVB
·
October 3, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မက္ကဆီကိုအစိုးရဟာ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ ဖြုတ်ချပေးရမဲ့ ဥပဒေကြမ်းကို လာမဲ့သီတင်းပတ်မှာ တင်သွင်းသွားဖို့ မျှော်လင့်ထားတယ်လို့ သမ္မတကလောက်ဒီယာ ရှိန်းဘောင်းမ်က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ကိုဝါဟီလာပြည်နယ်ရှိ အစိုးရအလယ်တန်းကျောင်းတကျောင်းမှာ အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ဒုကျောင်းအုပ်တယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အခြေအနေ စိုးရိမ်ခဲ့ရပြီးနောက်မှာ သမ္မတ ရှိန်းဘောင်းမ်က သူ့ရဲ့ နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေအနေနဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်အပြုအမူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို မဖြန့်ဝေဖို့၊ အားပေးမြှင့်တင်ဖို့နဲ့ မပျံ့နှံ့အောင်အတွက် တာဝန်ယူမှုရှိစေဖို့နဲ့ အဲဒီလို တာဝန်ယူစေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။ 

ဆက်လက်ပြီး သမ္မတရဲ့ ညွှန်ကြားချက်အရ ဥပဒေရေးရာ အကြံပေး လူဝီဆာမာရီယာ အာကာလ်ဒီ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဒီဂျစ်တယ် ပလက်ဖောင်းတွေပေါ်က အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်း၊ သတင်းပို့ခြင်း၊ အချိန်မီ ဖြုတ်ချခြင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းမှု မူဘောင်တွေပါဝင်မဲ့ သမ္မတရဲ့ အမိန့်ဒီကရီ (သို့မဟုတ်) ဥပဒေကြမ်းကို လာမဲ့သီတင်းပတ်မှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဖော်ပြ ခဲ့ပါတယ်။

မက္ကဆီကိုလူငယ်တွေကို အကြမ်းဖက်မှုဒဏ်ကနေ ကာကွယ်ပေးမဲ့ အဲဒီအစီအမံကို မက္ကဆီကို လူ့အဖွဲ့အစည်းတရပ်လုံးကလည်း ထောက်ခံသဘောတူကြပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

သြစတြေးလျ၊ ဗြိတိန် အပါအဝင် နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ (EU) တို့ဟာ  အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာတွေကို ဖယ်ရှားဖြုတ်ချပေးဖို့  ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ လိုအပ်နေတဲ့ ဥပဒေတွေကိုအတည်ပြုခဲ့ပါတယ်။  

လက်တင်အမေရိကမှာတော့ ဘရာဇီးနိုင်ငံက အတိုးတက်ဆုံး အခြေအနေအထိ ခြေလှမ်း လှမ်းထားနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ အကြောင်းအရာတွေကို ပလက်ဖောင်းတွေက ဖယ်ရှားပေးရမယ်လို့ တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။ 

အာဂျင်တီးနား၊ ချီလီနဲ့ ကော့စတာရီကာက  လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကလေးငယ်တွေ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ကန့်သတ်ပေးဖို့နဲ့ အကျိုးဖျက်ဆီးမဲ့ အကြောင်းအရာတွေ (အထူးသဖြင့် လူငယ်တွေကို ဦးတည်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ အကြမ်းဖက်မှုဆိုင်ရာတွေ) ကို ပလက်ဖောင်းတွေက ပိတ်ပင်ပေးရမဲ့  ဥပဒေကြမ်းတွေကို စဉ်းစားသုံးသပ်နေကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013