DVB Logo
Home
နိုင်ငံတကာ
ဟောမုဇ်ရေလက်ကြားသို့ စစ်ကူမလွှတ်သည့် မဟာမိတ်များ ကျေးဇူးမသိတတ်ဟု ထရမ့်ပ် ဝေဖန်
DVB
·
March 17, 2026
Photo: REUTERS/Jonathan Ernst — Jonathan Ernst
Photo: REUTERS/Jonathan Ernst — Jonathan Ernst
Donate to DVB

ဟောမုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားနိုင်ရေး စစ်သင်္ဘောတွေ စေလွှတ်ပြီး စောင့်ကြပ်ပေးဖို့ ငြင်းဆန်ခဲ့ကြတဲ့ မဟာမိတ်နိုင်ငံတွေဟာ ကျေးဇူးမသိတတ်သူတွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စွပ်စွဲလိုက်ပါတယ်။

အီရန်က ဒရုန်းတွေ၊ ရေမြှုပ်မိုင်းတွေနဲ့ ပိတ်ဆို့ထားတဲ့ ဒီမဟာဗျူဟာကျ ရေကြောင်းလိုင်းကို ပြန်ဖွင့်ဖို့အတွက် ဂျာမနီ၊ စပိန်၊ အီတလီ၊ သြစတြေးလျ၊ ပြင်သစ်နဲ့ ဂျပန်နိုင်ငံတို့ အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တော်တော်များများက စစ်သင်္ဘောတွေ ချက်ချင်းစေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့ကြတာပါ။

အိမ်ဖြူတော်မှာလုပ်တဲ့ ပွဲတခုမှာ ထရမ့်ပ်က နိုင်ငံတော်တော်များများဟာ ကူညီဖို့ ပြင်ဆင်ထားတယ်လို့ သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကာလရှည် လက်တွဲလာခဲ့တဲ့ မဟာမိတ်တချို့ကိုတော့ စိတ်ပျက်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

တချို့ကလည်း ဒီကိစ္စကို အရမ်းစိတ်အားထက်သန်ကြပေမဲ့ တချို့ကတော့ မထက်သန်ကြဘူးလို့ ဘယ်နိုင်ငံလို့ အတိအကျမရည်ညွှန်းဘဲ ထရမ့်ပ်က ပြောပါတယ်။ 

“တချို့ဆိုရင် ကျုပ်တို့ နှစ်ပေါင်းများစွာ ကူညီခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ပြင်ပရန်သူတွေဆီကနေ ကာကွယ်ပေးခဲ့တာပါ။ သူတို့က သိပ်စိတ်လိုလက်ရ မရှိကြဘူး။ ကျုပ်အတွက်တော့ ဘယ်လောက်စိတ်အားထက်သန်တယ်ဆိုတာက အရေးကြီးပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်က “ဂျာမနီ အခြေခံဥပဒေအရ လိုအပ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (ဒါမှမဟုတ်) နေတိုးအဖွဲ့ဆီကနေ ထုတ်ပြန်ပေးတဲ့ လုပ်ပိုင်ခွင့် အမိန့်မျိုး ကျနော်တို့ မှာ ရှိမနေပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ဟာ စစ်ပွဲမစတင်ခင်က ဂျာမနီကို ကြိုတင်တိုင်ပင်တာမျိုး မရှိခဲ့ဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ဆင်နွှဲနေတဲ့ စစ်ပွဲဟာ သီတင်း ၃ ပတ်မြောက်ရှိလာပြီဖြစ်ပြီး ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိနိုင်သေးပါဘူး။

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်း ဖြတ်သန်းသွားလာနေတဲ့ အရေးပါတဲ့ ဟောမုဇ်ရေလက်ကြားဟာ အများအားဖြင့် ပိတ်ဆို့ခံထားရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာပြီး ငွေကြေးဖောင်းပွလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013