
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ လူအင်အား ၈ ယောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဇွန် ၁၀ ရက်မှာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် စစ်တပ်ဟာ သစ်ဆိမ့်ကုန်းကျေးရွာက အရပ်သားနေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဆက်လက်တိုက်ခိုက်တာတွေ ပြုလုပ် နေမယ်ဆိုရင် သစ်ဆိမ့်ကုန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့မယ်လို့ စစ်တပ်က ခြိမ်းခြောက်နေတာ ကြောင့် ရွာသူရွာသားတွေမှာ အနူးအညွတ်တောင်းပန်နေရတယ်လို့ ဆိုပါတယ်။
နယ်မြေခံတယောက်က “ရွာဘုန်းကြီးကျောင်းထဲမှာ စခန်းချထားတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရှင်းတာ ၅ ယောက် အရှင်ဖမ်းခေါ်သွားပြီး ၁ ယောက်က ကျဆုံးတာဖြစ်ခဲ့တယ်။ အဲ့ဒီကိစ္စကို စစ်တပ် မကျေမနပ်ဖြစ်ပြီး လူအိမ်တွေကို မီးရှို့တယ်။ ရပ်မိ၊ ရပ်ဖတွေနဲ့ ဘုန်းတော်ကြီးတွေက အနူးအညွတ်တောင်းပန်လို့ မီးရှို့တာကိုတော့ အခုရပ်ထားတယ်။ နောက်တကြိမ် သူတို့ ဝင်ပစ်ခံရရင် ဘယ်သူတားတား တရွာလုံးကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ အဲ့ဒါကြောင့် ရွာသူရွာသားအားလုံး စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
လက်ရှိ သစ်ဆိမ့်ကုန်းကျေးရွာအတွင်းမှာ အထိုင်ချထားတဲ့ စစ်တပ်က စစ်ဘေးရှောင် ရွာသား တချို့ကို ဖမ်းဆီးထားပြီး ဒေသခံရွာသူ/ရွာသားတွေကိုလည်း ကျေးရွာအတွင်း နေထိုင်ခွင့် မပြုတာ ကြောင့် ရွာအပြင်မှာ ဖြစ်သလိုနေထိုင်နေကြရပါတယ်။ ဒါ့ကြောင့် ဒေသခံ ရွာသူ/ရွာသားတွေမှာ စားဝတ်နေရေးခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ဗနွဲ့ရွာကနေ သစ်ဆိမ့်ကုန်းကို စစ်ရှောင်နေတဲ့ ဦးညွန့်ဝင်းကို ၅ လပိုင်းက ဖမ်းခံထားတာ အခုထိ သတင်းအစမရဘူး။ အခု သူတို့က ရွာထဲမှာ ထိုင်နေပြီး ရွာသားအားလုံးကို ရွာအပြင် မောင်းထုတ် ထွက်ခိုင်ထားလို့ ရွာသူရွာသားတွေ အားလုံးရွာအပြင်မှာ ဖြစ်သလိုနေနေကြရတယ်။ စားစရာလည်း အနည်းငယ်လောက်ပဲ သယ်ထုတ်လာနိုင်တယ်” လို့ နယ်မြေခံက ဆက်ပြောပါတယ်။
မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုမှာ ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၇,၆၁၆ ယောက် နေထိုင်ပါတယ်။ မိုးမိတ်မြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ တော်လှန်ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လမှာ အပြီးတိုင်သိမ်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ TNLA တအာင်းတပ်က အာဏာသိမ်းစစ်တပ်ကို မြို့အတွင်းထိ လုံခြုံရေးပေးကာ ခေါ်ဆောင်လာပြီး ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ မိုးမိတ်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။










