DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်က မိုးကုတ်-မိုးမိတ်မှာ ဘယ်လိုဗျူဟာဖော်ဖို့ ကြိုးစားနေပါသလဲ
သုတချမ်းသာ
·
November 14, 2026
Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး
Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး
Donate to DVB

မိုးမိတ်နဲ့မိုးကုတ်မြို့အနီးတိုက်ပွဲတွေမှာ ကာကွယ်ရေးအဖွဲ့တွေက ဗျူဟာတကျပြောက်ကျားစနစ်နဲ့ စစ်ရေးအသာစီးယူထားတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ 

စစ်အာဏာရှင်တပ်တွေဟာ အောက်တိုဘာလဆန်းကစပြီး ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ စုစုပေါင်း တပ်သားအင်အား ၁,၀၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်း ၃ ခု အသုံးပြုခဲ့တာပါ။ 

အချိန်တလအတွင်းမှာ မိုးမိတ်မြို့ကနေ မဘိမ်းဘက်ကိုဦးတည်ပြီး ၁၀ မိုင်ဝန်းကျင်အထိ စစ်အာဏာရှင်တပ်တွေရောက်ရှိခဲ့ပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် နိုဝင်ဘာလ ဒုတိယ အပတ်မှာ စစ်အာဏာရှင်တပ်တွေဟာ မြို့ဘက် ၃ မိုင်အနီးဝန်းကျင်အထိ ပြန်ဆုတ်နေရပါတယ်။

စစ်အာဏာရှင်တပ်တွေဟာ ၂၀၂၅  နိုဝင်ဘာလကုန်မှာ မိုးမိတ်မြို့ထဲကိုပြန်ဝင်ရောက်နိုင်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ မြို့ပေါ်နေရာကိုပဲထိန်းချုပ်နိုင်ပြီး မြို့ပြင်ပတ်ပတ်လည်နဲ့ ကျေးရွာတွေမှာတော့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

မြေပြင်စစ်ရေးအခြေအနေမကောင်းတာကြောင့် စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူတွေပါ သုံးပြီး ဒေသကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမိတ်မြို့နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုလည်း ၂၀၂၅ နိုဝင်ဘာလကုန် ပိုင်းမှာ စစ်အာဏာရှင်တပ်တွေ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပေမဲ့ မြို့ပြင်ပတ်ချာလည်မှာ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး နယ်မြေတည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးပါဘူး။

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “မဘိမ်းဘက်ကိုဦးတည်နေတယ်။ ကျနော်တို့ ဒီဘက်ကတော့ ပြောက်ကျားစနစ်ကို တည်ဆောက်ပြီးတော့ သေသေချာချာ အကောင်အထည်ဖော် နေနိုင်တယ်။ ပြောရင်တော့ စစ်ရှုံးနေတဲ့ကောင်တွေပဲ ဒီကောင်တွေ။ မိုးကုတ်-မိုးမိတ်ပေါ့။ ပြီးရင် မဘိမ်းနဲ့ မိုးမိတ်ပေါ့။ အဲဒီကြားမှာ မြစ်ဆုံတခုရှိတာပေါ့။ အဲဒီမြစ်ဆုံမှာ စီမံကိန်းတခုရှိတယ်၊ ရေအားလျှပ်စစ်စီမံကိန်းလေ။ သူတို့ အဲဒီလမ်းကြောကို ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ သဘောကျမှု လိုချင်တဲ့သဘောရှိပါတယ်။ အဲဒီလမ်းကြောင်းကို ပြန်ရအောင်သူတို့ လုပ်နေတဲ့ သဘောရှိတယ်။ ဒါပေမဲ့ သူတို့လာတာလည်း တကယ် တိုက်ရည်ခိုက်ရည်ရှိတဲ့ လူတွေ မဟုတ်ဘူးလေ။ ပြည်သူ့စစ် ဆွဲလာတဲ့သူတွေများတယ်။ ကျနော်တို့တော်လှန်ရေးဘက်က အင်အားစုတွေကတော့ ဒီ ၄-၅ နှစ်မှာ အတွေ့အကြုံအများကြီးရှိတဲ့သူတွေ ရှိသွားပြီလေ။ ဒီကာလထဲမှာကျတော့ မဟာဗျူဟာကျတဲ့ပြောက်ကျားစစ်ကို သေချာဖော်နိုင်လာတယ်ပေါ့။ ရန်သူထိခိုက်မှုအများဆုံးနဲ့ ကိုယ့်ဘက်က ဆုံးရှုံးမှု အနည်းဆုံးဟာမျိုးကို ဖန်တီးလာနိုင်တယ်။ အဲဒီအတွက်တော့ စစ်မျက်နှာတိုင်းမှာ တောက်လျှောက် သူတို့ အရေးနိမ့်နေတာပေါ့။ သူတို့ဘက်ကပဲ စစ်နိုင်နေတဲ့ပုံစံမျိုးပေါ့၊ အမြဲတမ်းအဲဒီလို ဝါဒဖြန့်ချိနေတယ်။ တကယ်တော့ သူတို့ စစ်မျက်နှာတိုင်းမှာ အရေးမလှဘူး။ တချို့ အချက်အလက်အသေးစိတ်တွေကျတော့လည်း ကျနော် တို့ ပြောဖို့ခက်လို့လေ။ ဒါပေမဲ့ သေချာတာတခုကတော့ သေချာပေါက် သူတို့ ဒီစစ်မျက်နှာမှာ လည်း စစ်ရှုံးနေတယ်ပေါ့” လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅၊ နိုဝင်ဘာ ၂၉ ရက်နေ့နောက်ပိုင်းမှာ  မိုးကုတ်နဲ့ မိုးမိတ် မြို့တို့ကို တအာင်းတပ်မတော် TNLA က စစ်အာဏာရှင်တပ်ဆီကို ပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။

နိုဝင်ဘာ ၁၃ ရက်နေ့မှာ မိုးမိတ်မြို့တိုက်ပွဲတွေကို အင်အားထောက်ပို့ဖို့ မန္တလေး တပ်မ ၉၅ ကနေ စစ်ကား ၁၇ စီး အထက်ဘက်ကို ထပ်မံစေလွှတ်ခဲ့တယ်လို့ မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဒေါင်း က ပြောပါတယ်။

“ခုကို ကျနော်တို့မတ္တရာနယ်ကိုဖြတ်ပြီးတော့ ကားကြီး ၁၇ စီး မန္တလေး တပ်မ ၉၅ ထဲကနေ ထွက်သွားတယ် မိုးကာအုပ်တွေနဲ့။  မနေ့ကတော့ မတ္တရာအရှေ့ဘက် ကျောက်တံတားဘက်မှာ လမ်းတွေပိတ်ဆို့ပြီးတော့ သူတို့ စစ်ဆေးမှုတွေလုပ်တာတော့ရှိတယ်။ တော်လှန်ရေးအဖွဲ့တွေ ဝင်နိုင်မဲ့ လမ်းကြောင်းတွေကို အင်အားအလုံးအရင်းနဲ့ပိတ်ဆို့ထားတာတော့ ရှိတယ်။ လက်နက်ကြီး တွေ ရမ်းသန်းပစ်တာတွေလည်းရှိတယ်ဗျ။ စကစတွေက သက်ကြီးရွယ်အိုတွေကစပြီးတော့ ပေါ်တာဆွဲတယ်။ လူငယ်တွေကိုတော့ ရှေ့တန်းတွေကိုပို့ပြီး လူကြီးတွေကိုတော့ ယူနီဖောင်းအပြာ တွေ ဝတ်ပြီးတော့ မြို့တွေ၊ ရပ်ရွာတွေလုံခြုံရေးအတွက် ပသစ(ပြည်သူ့စစ်) တွေ ဖွဲ့စည်းနေတယ်လို့ သတင်းရတယ်။ အဲဒီလိုသတင်းရထားတဲ့အတွက် ကျနော်တို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးစတင်လုပ်ဆောင်ပြီဆိုရင်တော့ သူတို့ကိုလည်း စကစနဲ့တန်းတူ ခြေမှုန်းရှင်းလင်း သွားမယ်လို့ ကျနော် ပြောချင်ပါတယ်။”

စစ်အာဏာရှင်တပ်က ကချင်ပြည်နယ် ဗန်းမော်၊ ခေါင်လန်ဖူးနဲ့ ကချင်-စစ်ကိုင်းအစပ် အင်းတော်ကြီးဒေသ၊ ကချင်-ရှမ်းမြောက်အစပ် မိုးမိတ်ဒေသ၊ ကချင်-စစ်ကိုင်းအစပ် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းဒေသတွေကို အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ နည်းလမ်းစုံနဲ့ ကြိုးစားနေပေမယ့် KIA နဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက လက်ရှိအချိန်အထိ စစ်ရေးအသာစီးယူထားတာဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်၊ လားရှိုး၊ နောင်ချိုမြို့တို့အပါအဝင် ရှမ်း-မန်း ကချင်နယ်စပ်က စစ်အာဏာရှင်ထိန်းချုပ်စခန်း တော်တော်များများကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၁၀၂၇ လှိုင်း တွေမှာ သိမ်းယူနိုင်ခဲ့ပေမဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ တရုတ်အစိုးရရဲ့အကူအညီနဲ့ စစ်တပ်က စစ်ရေးအသာစီးပြန်ယူခဲ့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013