DVB Logo
Home
မြန်မာသတင်း
ချွန်ဘူရီတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၂၀၀ ကျော် နစ်နာကြေး မရသေး 
DVB
·
July 10, 2026
မတ်လက ချွန်ဘူရီရှိ အထပ်သားပြားစက်ရုံက အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများ ။Photo:MHAC
မတ်လက ချွန်ဘူရီရှိ အထပ်သားပြားစက်ရုံက အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများ ။Photo:MHAC
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က အီလက်ထရောနစ်စက်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ဟာ အလုပ်ဖြုတ်ခံရပြီး လုပ်ခလစာနဲ့ ဥပဒေအရ ရသင့်တဲ့ နစ်နာကြေး မရရှိသေးတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ချွန်ဘူရီခရိုင်က အီလက်ထရောနစ်စက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၁၀၆ ယောက် ကို ဇူလိုင် ၁ ရက်မှာ အလုပ်ရှင်ဘက်က ကြိုတင်အကြောင်းမကြားဘဲ အလုပ်ကနေထုတ် လိုက်ပြီး နောက် အလုပ်သမားတွေဟာ ဥပဒေအရ နစ်နာကြေး မရရှိတဲ့အတွက် ကူညီဆောင်ရွက်ပေး နေတယ်လို့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ဆီက သိရပါတယ်။

အဲဒီ လုပ်သားတွေဟာ MOU၊ CI နဲ့ ဘတ်စာရွက်အဟောင်း ကိုင်ဆောင်ထားသူတွေဖြစ်ပြီး စက်ရုံမှာ ၇ လနီးပါး အလုပ်လုပ်ခဲ့ကြပါတယ်။ 

အလုပ်ဝင်ဖို့အတွက်လည်း ကြားခံအေဂျင်စီတွေကို စမတ်ကြေး ၇,၀၀၀ ကနေ ၇,၅၀၀ ဘတ်နဲ့ ကျန့်ခေါက်ကြေး ၄,၅၀၀ ဘတ်အထိ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချွန်ဘူရီမှာ တရုတ်စက်ရုံတချို့ အော်ဒါကျဆင်းလာတာကို အကြောင်းပြပြီး အလုပ်သမားတွေကို လူလျှော့တာ ပိုများလာသလို ကြားခံအေဂျင်စီတွေကလည်း တာဝန်မယူကြဘူးလို့ WAG အဖွဲ့က ပြောပါတယ်။

WAG အလုပ်သမားမဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုမုန်တိုင်းက “အခု ချွန်ဘူရီမြို့နယ်မှာဆိုရင် လက်ရှိက စီးပွားရေး ကျဆင်းတယ်ပေါ့။ တရုတ်ရုံတွေရဲ့ အကြောင်းပြချက်တွေပေါ့။ တရုတ်ရုံတွေ က အလုပ်သမားတွေကို ၇ လဆိုရင် ၇ လ၊ ၈ လဆိုရင် ၈ လ၊ ဒါပေမဲ့ သူတို့က အေဂျင်စီတွေနဲ့ စာချုပ် ချုပ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့က အလုပ်သမားတွေနဲ့ စာချုပ် မချုပ်ဘူး။ အလုပ်သမားတွေက နှစ်ရှည်ဆိုပြီး အလုပ်လုပ်ကြတယ်။ အဲ့အပေါ်မှာ တရုတ်ရုံတွေက ထွက်ကုန် တွေ အားနည်းလာတဲ့အတွက် အလုပ်သမားတွေကို လူလျှော့ရတာပါဆိုပြီး အကြောင်းပြချက်နဲ့ ဖြုတ်ချလိုက်တာ။ အဲ့အတွက် အေဂျင်စီတွေက တာဝန်ယူပေးရမယ့်အရာကို တာဝန်ယူမပေးလို့ ကျနော်တို့ မြို့နယ် ဆဝါဒီကန်ရုံးမှာ လာပြီး ဖြေရှင်းနေတယ်”လို့ ပြောပါတယ်။

အလားတူ ချွန်ဘူရီခရိုင် စီရက်ချာမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာလည်း မြန်မာ လုပ်သား ၁၁၁ ယောက်ဟာ ရက် ၄၀ စာ လုပ်ခလစာ မရရှိဘဲ အလုပ်ကနေ ရပ်နားခံလိုက်ရတယ်လို့ WAG အဖွဲ့က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားတယောက်ချင်းစီအတွက် ပေးဖို့ ကျန်တဲ့ လုပ်အားခဟာ ဘတ် ၂၀,၀၀၀ ဝန်းကျင်ရှိပြီး၊ စုစုပေါင်း ပေးဖို့ ကျန်ငွေ ဘတ် ၂ သန်းကျော် ရှိနေပါတယ်။ အဲဒီလုပ်သားတွေဟာ အလုပ်ဝင်ချိန်မှာ ကြားခံကုမ္ပဏီကို စမတ်ကြေး ဘတ် ၂,၀၀၀ စီ ပေးဆောင်ခဲ့ရသူတွေ ဖြစ်ပါတယ်။

အလုပ်ရှင်အများစုဟာ အော်ဒါမရှိတာကို အကြောင်းပြပြီး အလုပ်သမားတွေကို အလုပ်ဖြုတ်ပေမဲ့ နစ်နာကြေးနဲ့ လျော်ကြေးတွေကို မပေးချင်ကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ချွန်ဘူရီ စက်ရုံအလုပ်သမား ကိုထက်က “အလုပ်ဖြုတ်ရင် စက်ရုံ တော်တော်များများက အော်ဒါ ပြတ်သွားလို့ လူလျှော့တယ်။ အော်ဒါ မရှိလို့ လူလျှော့တယ်ဆိုပြီး အဲ့လို ဖြုတ်ပစ်တာ။ အလုပ်ဖြုတ် ခံရရင် နစ်နာကြေးတို့ လျော်ကြေးတို့ပေးတဲ့ ရုံဆိုတာ အတော်ရှားတယ်။ အဲ့လိုမျိုး အဖွဲ့အစည်းနဲ့ တိုင်တက် တောင်းမှပေးတာ။ ဒီတိုင်းဆိုရင် မပေးဘူး။ တိတိကျကျ လုပ်ပေးစေချင်တာပေါ့။ အဲ့လို အလုပ်တွေ ဖြုတ်ခံရရင် အလုပ်သမား‌ တော်တော်များများက ဒီမှာက အလုပ်တခု ဝင်ရရင် စမတ်ကြေး ဘာညာ ရှိတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က အဆင်မပြေရင်နောက်ထပ် အလုပ်ရှာဖို့ ခက်ခဲသွားတာပေါ့။ တချို့ လူတွေကျတော့ နောက်ထပ် အလုပ်ကိုဝင်ဖို့ စမတ်ကြေး ပေးစရာ မရှိရင် စိတ်ဓာတ်ကျပြီး မြန်မာနိုင်ငံ ပြန်ရတယ်။ တချို့ကျလည်း နေစရာမရှိ ဘာမရှိ လမ်းဘေးမှာ နေရတယ်။ အဲ့လိုတွေ ဖြစ်ကုန်တယ်” လို့ ပြောပါတယ်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်တွေဟာ အလုပ်ရပ်စဲတဲ့အခါ ကြိုတင်အသိပေးတာနဲ့ လုပ်သက်အလိုက် နစ်နာကြေးပေးဖို့ တာဝန်ရှိပေမဲ့  ရွှေ့ပြောင်းမြန်မာ လုပ်သားအများစုကတော့ အလုပ်ဆုံးရှုံးချိန်မှာ ဥပဒေအရ ရသင့်တဲ့ အခွင့်အရေးတွေ မရရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ထိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ မြန်မာလုပ်သား ၇ သန်းနီးပါး ရောက်ရှိ လုပ်ကိုင်နေကြပြီး၊ အဲဒီထဲမှာတော့ အထောက်အထား အပြည့်အစုံနဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားက ၃ သန်းဝန်းကျင်သာ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်း ပြောဆိုထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013