DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စက်သုံးဆီအကျပ်အတည်းကြောင့် မှောင်ခိုဈေးကွက် ကြီးထွားနေ
DVB
·
March 23, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးမှုကို ဖြေရှင်းဖို့ စစ်ကောင်စီက စုံ၊ မ စနစ်နဲ့ QR Code စနစ်တွေကို အသုံးပြုပြီး ကန့်သတ်ရောင်းချနေတာကြောင့် မြေပြင်မှာ ဆီမှောင်ခိုဈေးကွက် ကြီးထွားလာပြီး အခြေခံလူတန်းစားတွေနဲ့ အရေးပေါ်ယာဉ်တွေဟာ ပုံမှန်ဈေးထက် ၂ ဆကျော်ပေးပြီး ဝယ်ယူနေရပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် စက်သုံးဆီ ရှားပါးတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ စစ်တပ်က ပြည်တွင်းမှာ စုံ၊ မ ယာဉ်သုံးစွဲတဲ့စနစ် ကျင့်သုံးနေသလို QR Code ပြသပြီး ဆီဝယ်ယူရတဲ့ စနစ်ကိုလည်း ကျင့်သုံးနေပါတယ်။

လာမဲ့ ရက်သတ္တပတ်ကစလို့ စက်သုံးဆီကို ယာဉ်စွမ်းအားအပေါ် မူတည်ပြီး တပတ်မှာတကြိမ် (ဒါမဟုတ်) နှစ်ကြိမ်သာ ရောင်းချပေးမယ်လို့ စစ်ကောင်စီက မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီလိုအခြေအနေကြောင့် ပြည်တွင်းမှာ စက်သုံးဆီဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်နေပြီး မှောင်ခိုဈေးကွက်လည်း ကြီးထွားလာနေပါတယ်။

အင်းစိန်မြို့နယ်က ယာဉ်မောင်းတယောက်က “ဆီတွေ ပြန်ရောင်းတဲ့လူတွေက ၆,၀၀၀၊ ၇,၀၀၀၊ ၈,၀၀၀ လောက်နဲ့ ရောင်းတယ်။ အဲ့တော့ ဘေးတွဲသမားတွေက တရားဝင် ဆီမရတော့ မှောင်ခိုဈေးကို သုံးနေရတာပေါ့။ မှောင်ခိုဈေး သုံးတော့ ပုံမှန် ပန့်မှာ ဆီထုတ်ရင် ၃,၆၀၀၊ ၄,၀၀၀ နဲ့ ရတဲ့ဟာက အခု ၇,၀၀၀၊ ၈,၀၀၀ လောက်နဲ့ ယူတော့ သူတို့ဆွဲတဲ့အခါ ဈေးတွေတက်ရတာနဲ့ အဆင်မပြေတာ များတာပေါ့။ ကားဆရာတွေကတော့ အဲ့လောက်ထိ မဖြစ်သေးဘူး။ တန်းစီရတဲ့ အချိန်လောက်ပဲ တက်သွားတယ်။ ပထမက ၂,၅၃၀ ကနေ ၂,၆၁၀ ဆိုတော့ ၈၀၀ လောက်တော့ တက်သွားတယ်။ ဆီတန်းစီပြီးတော့ မသုံးဘဲနဲ့ ရောင်းတာတို့ ဖြစ်သွားတယ်။ အိမ်စီးကားတွေ တော်တန်ရုံ မသုံးတော့ဘူးလေ။ မသုံးဘဲနဲ့ ဆီသွားတန်းစီတယ်။ ပြီးတော့ ပြန်ရောင်းကြတယ်။ အဲလိုကနေ ဆီ ပြန်ထွက်လာတာ ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ ဆီဆိုင်တွေမှာ ဆီမလုံလောက်တာနဲ့ ကန့်သတ်ရောင်းချတာကြောင့် ပြည်သူတွေဟာ အချိန်အတော်ကြာ တန်းစီဝယ်ယူရသလို ဒီဇယ်ဆီဖြည့်ဖို့လည်း ကားတွေက ညကတည်းက တန်းစီ စောင့်ဆိုင်းနေရတဲ့ အခြေအနေ ကြုံနေရပါတယ်။

ဒါ့အပြင် စုံ၊ မ ယာဉ်မောင်းစနစ် ကန့်သတ်တာ၊ လိုင်စင်ပြပြီးမှ ဆီဝယ်ရတာ၊ လိုသလောက် ဝယ်မရဘဲ အကန့်အသတ်နဲ့သာ ရောင်းတာကြောင့် တချို့က မသမာတဲ့နည်းလမ်းနဲ့ ဆီဝယ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ ဈေးတင်ရောင်းကြတယ်လို့ ဆိုပါတယ်။  

သင်္ကန်းကျွန်းမြို့နယ် နေထိုင်သူ မသီတာက “ဆိုက်တွဲတွေ ဈေးတက်သွားတာက အဓိကက ဆီ မရတာပေါ့။ ဘာလို့ ဆီမရလဲဆိုတော့ ဆိုက်တွဲအများစုက လိုင်စင်မရှိဘူး။ ဆီဆိုင်တွေမှာက လိုင်စင်ပြနိုင်မှ ဆီထည့်ပေးတာ။ ဒါကြောင့် ဆိုက်တွဲလောကမှာဆိုရင် ဆီမှောင်ခိုက ပိုများမယ်ထင်တယ်။ အပြင်မှာ မှောင်ခိုတွေနဲ့ ဝယ်ကြရတာ တော်တော်လေး ကြားမိတယ်။ သူတို့လည်း မနက်အစောကြီးထ၊ ဆီတွေတန်းစီ၊ ဆီဆိုင်ရောက်တော့ နံပါတ်တွေ ပွားထားတယ် ဆိုတဲ့ ပြဿနာတွေလည်း တွေ့ရတယ်။ တကယ့်စင်စစ် ကားတွေကကျတော့ ဆီ မရကြဘူး။ မနက်အစောကြီးထပြီး သွားပေမဲ့ ဆီမရတော့ အကျိုးယုတ်တယ်ပေါ့။ နံပါတ်ပွားထားတဲ့ကားတွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေလည်း တွေ့လာရတယ်” လို့ ပြောပါတယ်။

လက်ရှိ မှောင်ခိုဈေးကွက်မှာ ဓာတ်ဆီ တလီတာကို ကျပ် ၆,၀၀၀၊ ၈,၀၀၀ အထိ ဈေးပေါက်နေပြီး ဆီ အလွယ်တကူ ဝယ်မရတဲ့ ဘေးတွဲဆိုင်ကယ်တွေ၊ စုံ မ ရက် ထွက်မရတဲ့ အိမ်စီးကားတွေ၊ အရေးပေါ်အခြေအနေမှာ အသုံးပြုရတဲ့ လူနာတင်ယာဉ်တွေနဲ့ ကားတွေက မှောင်ခိုဈေး ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

ပြင်ပဆီဆိုင်တွေမှာတော့ မတ် ၂၃ ရက်မှာ 92 Ron တလီတာကို ၃,၆၁၀ ကျပ်၊ 95 Ron တလီတာကို ၃,၈၅၀ ကျပ်၊ ရိုးရိုး ဒီဇယ် ၄,၃၉၀ ကျပ်နဲ့ ပရီမီယံ ဒီဇယ်ဆီဈေး ၄,၈၂၀ ကျပ် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဆီပြဿနာကို စနစ်တကျ ဖြေရှင်းနိုင်မှုမရှိဘဲ ကန့်သတ်ချက်တွေ လုပ်တာကြောင့် မြေပြင်မှာ အကျင့်ပျက်ခြစားမှုနဲ့ မှောင်ခိုဈေးကွက်ကိုပဲ အားပေးသလို ဖြစ်နေပါတယ်။

ဆီရှားပါးမှုဂယက်ကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝဟာ ပိုပြီး ကျပ်တည်းလာနေပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013