DVB Logo
Home
မြန်မာသတင်း
ကန်ချနပူရီတွင် တရားမဝင်မြန်မာအယောက် ၄၀ ခန့် နှင့် မှောင်ခိုပစ္စည်းများ ဖမ်းမိ
DVB
·
July 20, 2026
Photo: Kanchanaburi News
Photo: Kanchanaburi News
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ လမ်းပြတယောက် အပါအဝင် တောလမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၄၀ လောက်ကို ဖမ်းဆီးခဲ့သလို မှောင်ခိုဒီဇယ်ဆီ၊ စီးကရက်တွေကိုလည်း သီးခြားစီ ဖမ်းမိခဲ့တယ်လို့ ထိုင်း သတင်းမှာ ဇူလိုင် ၁၉ ရက်က ဖော်ပြပါတယ်။

မြို့နယ်အုပ်ချုပ်ရေး ၊  အမှတ် ၁၃၄ နယ်ခြားစောင့်တပ်၊ နမ့်ကစ်နယ်မြေလုံခြုံရေးတပ်နဲ့ လတ်ယာ့ စစ်ကြောင်းက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၈ ရက်ညက နယ်မြေတွင်း တရားဥပဒေစိုးမိုးရေး လှည့်လည်စစ်ဆေးစဉ် နောင်လူးကျေးရွာအုပ်စု နယ်မြေ ၈ ရှိ ကျွဲကောသီးခြံ အနောက်ဘက် တောစပ်မှာ ထိုင်နေတဲ့ လူတစုကို  တွေ့ရှိခဲ့ပါတယ်။ 

သွားရောက်စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထား တစုံတရာမရှိ ၊  ထိုင်းဘာသာစကားလည်း နားမလည်တာကြောင့် ဘာသာပြန်နဲ့တဆင့် မေးရတယ်၊ သူတို့အားလုံး မြန်မာအမျိုးသား ၂၆ ယောက်၊ အမျိုးသမီး ၁၃ ယောက်၊ ပေါင်း ၃၉ ယောက်ရှိပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းဘက်မှာ အလုပ်သွားလုပ်ဖို့ မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှာ လူစုကာ တောလမ်းကနေ ခြေကျင်လျှောက်ပြီး ဝင်‌ရောက်လာတယ်၊ သူတို့ကို အသက် ၂၆ နှစ်ရွယ်ရှိ နိုင်လဲဦးက လမ်းပြခေါ်ဆောင်လာတယ်၊ အဲဒီနေရာမှာ ပွဲစားက လာကြိုမဲ့ကားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွထဲက တယောက် ဖြစ်တဲ့ ရခိုင်ပြည်နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်က သူဟာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လာရှာတာလို့ ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ဖို့အတွက် သူတို့ဟာ လူမှောင်ခိုကူးသူတွေအား တဦးကို ဘတ် ၃၀,၀၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သူဟာ အရင်ကလည်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖူးသူဖြစ်ပြီး အခုတကြိမ်မှာတော့ ချွန်ဖွန်းခရိုင်မှာ အိမ်အကူအဖြစ် ပြန်လည်အလုပ်လုပ်ဖို့ စီစဉ်ထားတာလို့ ပြောပါတယ်။

တနင်္ဂနွေနေ့ မနက်စောစောပိုင်းမှာတော့ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အကောက်ခွန် ပူးပေါင်းအဖွဲ့တို့ဟာ ဆန်ခလဘူရီခရိုင်၊ နောင်လူကျေးရွာအုပ်စု၊ မယ်ထီးရွာမှာ စွန့်ပစ်ထားတဲ့ ပစ်ကပ်ကားတစီးကို တွေ့ရှိခဲ့ကြပြီး အဆိုပါကားကို မြန်မာနယ်စပ်နဲ့ ၄ ကီလိုမီတာလောက်အကွာမှာ ရပ်တန့်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ကားနောက်ဖုံးပေါ်မှာတော့ စုစုပေါင်း ဒီဇယ်ဆီ လီတာ ၁,၆၀၀ ပါရှိတဲ့ ပီပါ ၈ လုံးကို တွေ့ရှိခဲ့ပါတယ်။

အလားတူ စနေနေ့ည ၉ နာရီလောက်မှာ ထိုင်းစစ်တပ်နဲ့ အကောက်ခွန် တာဝန်ရှိသူတွေဟာ စိုင်းယို့ခရိုင်၊ သာဆောကျေးရွာအနီး အဝေးပြေးလမ်းမကြီးပေါ် စစ်ဆေးရေးဂိတ်မှာ ပစ်ကပ်ကား ၂ စီးကို မောင်းနှင်လာတဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါ ပစ်ကပ်ကားတွေပေါ်မှာတော့ မှောင်ခိုစီးကရက် ၁ သန်းခွဲလောက် ထည့်သွင်းထားတဲ့ ကတ်ထူသေတ္တာကြီးတွေကို သယ်ဆောင်လာသလို အဆိုပါ စီးကရက်တွေဟာ ပြည်ပပို့ကုန်အဖြစ် သီးသန့်ထုတ်လုပ်ထားတဲ့ အမျိုးအစားတွေ ဖြစ်ပြီး တဘူးကို ဘတ် ၃၀ ကနေ ၄၀ ကြား ရောင်းချတဲ့ ဆေးလိပ်တွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပြီး ထိုင်းနိုင်ငံတွင်း ပုံမှန်ပေါက်ဈေးကတော့ တဘူးကို ၁၀၅ ဘတ် ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၃၂ နှစ်အရွယ် ကားမောင်းသူ ၂ ယောက်ကိုတော့ ကန်ချနပူရီဒေသခံ ဆာဟာရတ်နဲ့ ဆူဖန်ဘူရီဒေသခံ ဆူမသီလို့ သတင်းမှာ ဖော်ပြထားပြီး သူတို့ဟာ ဆန်ခလဘူရီက အမြန်ချောပို့ဂိုဒေါင်တခုကနေ အဆိုပါ ဆေးလိပ်တွေကို သွားရောက်ထုတ်ယူခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ဆေးလိပ်တွေကို အယုဒ္ဓယခရိုင်၊ ဝမ်းနွိုင်ဒေသက ဂိုဒေါင်တခုဆီ ပို့ဆောင်ဖို့ ငှားရမ်းခံရတာလို့ တာဝန်ရှိသူတွေကို ထွက်ဆိုခဲ့ကြပါတယ်။

ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက နိုင်ငံထဲတရားမဝင် ဝင်ရောက်မှု လဝကဥပဒေနဲ့အရေးယူဖို့ ဆန်ခလပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source : Bangkokpost / Kanchanaburi News / JoCho News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013