DVB Logo
Home
Lead Story
“ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါတယ်” ထိုင်းလွှတ်တော်အမတ် ဒေါက်တာ အာနုဆွန်ထမ်ချိုင်းနှင့် DVB မေးမြန်းချက်
DVB
·
October 14, 2026
Photo: Anusorn Tamajai
Photo: Anusorn Tamajai
Donate to DVB

ထိုင်းနဲ့ မလေးရှားတို့အပါအဝင် အာဆီယံနိုင်ငံတချို့က စစ်အာဏာရှင်ကို ဖိတ်ခေါ်ပြီး ထိတွေ့ ဆက်ဆံမှုတွေလုပ်နေတဲ့အပေါ် သဘောထားသဘောထားအမြင်နဲ့ မြန်မာ့ဒီမိုကရေစီရေး ငြိမ်းချမ်းရေးတွေနဲ့ပတ်သက်ပြီး ထိုင်းလွှတ်တော်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သူလည်းဖြစ်၊ ထိုင်းပြည်သူ့ပါတီ (People's Party) ဘန်ကောက် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွဲဖက်ပါမောက္ခ ဒေါက်တာ အာနုဆွန်ထမ်ချိုင်းကို DVB က

ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ) 

 

မေး။ မြန်မာ စစ်အာဏာရှင် မင်းအောင်လှိုင် ဘန်ကောက်ကို လာရောက်လည်ပတ်စဉ်အတွင်း ကြွေးကြော်ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး ဒေါက်တာ အာနုဆွန်ကို ကမ္ဘာတဝန်းက လူသိများသွားခဲ့ပါတယ်။ အဲဒီတုန်းက ဒေါက်တာ့အနေနဲ့ ဘာတွေ အော်ဟစ်ကြွေးကြော်ခဲ့တာပါလဲ။

 

ဖြေ။ “စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းလွှတ်တော်ကို တရားဝင် လာရောက်လည်ပတ်တဲ့အချိန်မှာ ကျနော် အော်ဟစ်ဆန္ဒပြခဲ့တာပါ။ ထိုင်းလွှတ်တော်ဆိုတာ ဒီမိုကရေစီရဲ့ ပြယုဂ်တခုလို့ ကျနော် မြင်ပါတယ်။ မြန်မာအာဏာရှင်ကို ထိုင်းလွှတ်တော်မှာ တရားဝင်ကြိုဆိုတာမျိုးက မသင့်တော်ပါဘူး။ ပြီးတော့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုတွေအတွက် ကျနော် ကြွေးကြော်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာတာကို ကျနော် မြင်တွေ့ချင်ပါတယ်။”

 

မေး။ ဒီလို အော်ဟစ်ဆန္ဒပြခဲ့တာကြောင့် ဒေါက်တာ့ကို လုံခြုံရေးတွေ ခေါ်ထုတ်သွားခဲ့ပါတယ်။ တကယ်လို့ ခေါ်ထုတ်မသွားဘူးဆိုရင် ဒေါက်တာ့အနေနဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာပါလဲ။

 

ဖြေ။ “မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခနဲ့ ပြည်တွင်းစစ် ပြဿနာတွေကို ပြသဖို့ မြန်မာခေါင်းဆောင်ဆီ ကျနော့်ရဲ့ အဆိုပြုချက်ကို တင်ပြချင်ခဲ့တာပါ။ မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်တယ်၊ ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ဖြေရှင်းရမဲ့ နည်းလမ်းတွေ၊ အစီအမံတချို့ကို ကျနော် အဆိုပြုပါတယ်။ တကယ်လို့ ခေါင်းဆောင်ဖြစ်သူဟာ ပြည်သူတွေအပေါ်မှာ ကရုဏာတရားရှိမယ်ဆိုရင် အခုလို ပြည်တွင်းစစ်တွေ၊ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ အခြေအနေကို လျစ်လျူရှုမနေနိုင်ပါဘူး။ အကြမ်းဖက်ပဋိပက္ခနဲ့ ပြည်တွင်းစစ်တွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးဘက်က ရပ်တည်ကြောင်း ကျနော်တို့ ကြားဖို့ လိုအပ်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက် ထပ်တလဲလဲ ဗုံးကြဲတိုက်ခိုက်နေတာတွေကိုလည်း ကျနော်တို့ ဆန့်ကျင်ပါတယ်။ ပြီးတော့ ကျနော့်အနေနဲ့ အနည်းဆုံး ပင်လုံစာချုပ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရက အဆိုပြုခဲ့တဲ့ (၂၁) ရာစု ပင်လုံစာချုပ်နဲ့အညီ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမူဝါဒတွေကို လိုက်နာဖို့ တောင်းဆိုချက်တွေကို စာရင်းပြုစုထားပါတယ်။ ဒုတိယ တောင်းဆိုချက်ကတော့ မြန်မာအစိုးရအနေနဲ့ ထိုင်းပြည်သူတွေနဲ့ ထိုင်းနိုင်ငံအပေါ် သက်ရောက်နေတဲ့ နယ်စပ်ဖြတ်ကျော် ဂယက်ရိုက်ခတ်မှုတွေကို ဖြေရှင်းပေးဖို့ပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း ကျနော် တောင်းဆိုပါတယ်။”

 

မေး။ ပြီးခဲ့တဲ့ ဩဂုတ်လက ထိုင်းဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို တရားဝင် လက်ခံတွေ့ဆုံခဲ့တဲ့အပေါ် မှာရော ပြည်သူ့ပါတီ (People's Party)  အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

 

ဖြေ။ “ဒါဟာ မသင့်တော်ပါဘူး။ ပြီးတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့အတွက် ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ ကျနော် တောင်းဆိုပါတယ်။ အဲဒါက အရမ်းအရေးကြီးပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ အာဆီယံအသိုက်အဝန်းမှာ အလျှော့အတင်းလုပ်လို့မရတဲ့ မူဝါဒတွေ ဖြစ်ရပါမယ်။ ဒါပေမဲ့ မကြာသေးခင်က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ မင်းအောင်လှိုင်နဲ့ မလေးရှားမြို့တော်မှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ အဖြေမဟုတ်သလို၊ အာဆီယံအနေနဲ့ လိုက်နာသင့်တဲ့ လမ်းစဉ်လည်း မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။”

 

မေး။ မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်တဲ့အပေါ် တခြား ဘယ်ထိုင်းလွှတ်တော်အမတ်ကမှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့တဲ့အပေါ် ရော ဒေါက်တာ့အနေနဲ့ အံ့ဩမိပါသလား။

 

ဖြေ။ “အဲဒီအချိန်က မင်းအောင်လှိုင် လွှတ်တော်ကို လာလည်မယ်ဆိုတာကို ထိုင်းလွှတ်တော်က သေသေချာချာ မသိခဲ့ပါဘူး။ သူတို့ [ထိုင်းအစိုးရ] က မင်းအောင်လှိုင်ကို တရားဝင်မှုရှိစေဖို့ တခုခု လုပ်ပေးဖို့ ကြိုးစားခဲ့ကြတာပါ။ လွှတ်တော်အမတ်အများစုက မင်းအောင်လှိုင် လွှတ်တော်ကို လာမယ်ဆိုတာကိုရော၊ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌက တရားဝင်ကြိုဆိုမယ်ဆိုတာကိုပါ မသိခဲ့ကြပါဘူး။ လွှတ်တော်အမတ်အများစုက အဲဒါကို မသိခဲ့ကြတာပါ။ တကယ်လို့သာ သူတို့ သိခဲ့မယ်ဆိုရင် ဝေဖန်မှုတချို့ ရှိလာမှာပါ။”

မေး။ မင်းအောင်လှိုင်ကို အော်ဟစ်ဆန္ဒပြခဲ့ပြီးတဲ့နောက် ထိုင်းပြည်သူတွေဆီက တုံ့ပြန်မှုကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ “ထိုင်းပြည်သူအများစု၊ အထူးသဖြင့် ဒီမိုကရေစီလိုလားသူတွေ၊ ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့တွေက ကျနော့်ကို ထောက်ခံကြပါတယ်။ ရာခိုင်နှုန်းပြည့်ကို ထောက်ခံကြတာပါ။ ထိုင်းပြည်သူတွေထဲက ဒီမိုကရေစီလိုလားသူတွေ၊ လူ့အခွင့်အရေး လိုလားသူတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့တွေက ထောက်ခံခဲ့ကြပါတယ်။”

 

မေး။ အခုဆိုရင် မင်းအောင်လှိုင်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရပ်တည်ခဲ့တဲ့ တဦးတည်းသော ထိုင်းနိုင်ငံသားအနေနဲ့ မြန်မာပြည်သူတွေကြားမှာ ဒေါက်တာ့ကို လူသိများပါတယ်၊ မြန်မာပြည်သူတွေအတွက် နောက်ထပ် ဘယ်လို ပူးပေါင်းပြီး ကူညီရိုင်းပင်းမှုတွေ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါသလဲ။

 

ဖြေ။ “ရှိပါတယ်။ အနာဂတ်မှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီရတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ အဖြေရှာနိုင်ရေးအတွက် အစည်းအဝေးတခု ဒါမှမဟုတ် ဆွေးနွေးပွဲတခု ဖန်တီးနိုင်ဖို့ လွှတ်တော်ယန္တရားကို အသုံးချဖို့ ကျနော် ကြိုးစားနေပါတယ်။”

 

မေး။ မြန်မာပြည်သူတွေနဲ့ ထိုင်းနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဘယ်လို သတင်းစကားများ ပါးချင်ပါသလဲ။

ဖြေ။ “နောက်ဆုံးမှာတော့ ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့ မြန်မာနိုင်ငံကို ကျနော်တို့ ရရှိလာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့အချိန်တော့ ယူရနိုင်ပါတယ်။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားဖို့တော့ လိုပါတယ်။ နောက်ဆုံးမှာ ကျနော်တို့ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ရရှိမှာပါ။ လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကို နောက်ဆုံးမှာ ရကိုရမှာပါ။ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီအတွက် သင်တို့ ဆက်လက်တိုက်ပွဲဝင်ဖို့တော့ လိုပါတယ်။

မြန်မာပြည်သူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်အောက်မှာ ဆင်းရဲဒုက္ခခံစားနေရတာ အတော်ကြာခဲ့ပါပြီ။ မြန်မာအာဏာရှင်တွေရဲ့ ဖိနှိပ်မှုကနေ မြန်မာပြည်သူတွေကို ကူညီပေးနိုင်ဖို့ မြန်မာပြည်သူတွေသာမက ကမ္ဘာတဝန်းက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသူတွေအားလုံး စည်းလုံးညီညွတ်ကြဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။ အချိန်တခုတော့ ယူရမှာဖြစ်ပေမဲ့ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ လိုပါတယ်။ ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါတယ်။

မင်းအောင်လှိုင် ထိုင်းလွှတ်တော်ကို လာရောက်ခဲ့တာကို လွှတ်တော်အမတ် အများစု မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းအစိုးရနဲ့ အထက်လွှတ်တော်အမတ် တချို့ဟာ ရွေးကောက်ပွဲကနေ တက်လာတာ မဟုတ်လို့ပါ၊ ပြည်သူက တကယ်ရွေးချယ်ထားတာ မဟုတ်ပါဘူး။ သူတို့က မင်းအောင်လှိုင်ကို တရားဝင် ကြိုဆိုဧည့်ခံဖို့ တိတ်တဆိတ် စီစဉ်ခဲ့ကြတာပါ။ လွှတ်တော်အမတ် အများစုကတော့ ဒါကို လက်မခံကြပါဘူး။ ဒါပေမဲ့ ဒီပြင်ဆင်မှုကို တိတ်တဆိတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့က မင်းအောင်လှိုင်အတွက် ပုံရိပ်ကောင်း စီစဉ်ပေးနိုင်မယ့်သူ အနည်းငယ်ကိုပဲ ဖိတ်ကြားခဲ့တာပါ။ လွှတ်တော်အမတ် အများစုကတော့ ဒီအကြောင်းကို မသိကြပါဘူး။ မင်းအောင်လှိုင်ဟာ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ ခေါင်းဆောင်တယောက် ဖြစ်တာကို သိကြတဲ့အတွက် အမတ်အများစုက သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတာ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ရခိုင်ပြည်နယ်မှာ ဗုံးကြဲခဲ့လို့ ပြည်သူအမြောက်အမြား သေဆုံးခဲ့ရပါတယ်။ ဒါဟာဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ နည်းလမ်းမဟုတ်ပါဘူး။

ဒါပေမဲ့ သူ့ဘက်မှာတော့ နိုင်ငံတကာ သံတမန်ရေးရာမှာ လက်ခံလာစေဖို့ ဗျူဟာမြောက် နည်းလမ်းတခု ရှိနေပါတယ်။ မကြာသေးခင်ကပဲ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အာဆီယံကို ကူညီပြောဆိုပေးဖို့ အန်ဝါအီဘရာဟင်ကို စစည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် စဥ်းစားတာကတော့ သူဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မဖြစ်မနေ လိုက်နာရမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို အရင်ဆုံး လွှတ်ပေးရပါလိမ့်မယ်။ အဲဒီနောက်မှ ကျနော်တို့ သူ့နဲ့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားရမှာပါ။ တိုင်းရင်းသား ခေါင်းဆောင် အားလုံးကလည်း သူ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ပါတယ်၊ ဒါပေမဲ့ သူကတော့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံး လွှတ်ပေးရပါလိမ့်မယ်။ အဲဒါမှ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ချင်တဲ့ သူ့ရဲ့ စေတနာအမှန်ကို ပြသရာ ရောက်ပါလိမ့်မယ်။

ကျနော့်အမြင်ပြောရရင် တကယ်လို့ သူသာ ဒါကို မလုပ်ဆောင်ဘူးဆိုရင်တော့ ဒါဟာ စီးပွားရေးပိတ်ဆို့မှုတွေကနေ ရုန်းထွက်ဖို့ လုပ်ဆောင်တဲ့ သူ့ရဲ့ ပရိယာယ်တခုပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အလွန်ဆိုးရွားနေပြီး အထူးသဖြင့် သူ့စစ်အစိုးရ အသိုက်အဝန်းရဲ့ စီးပွားရေးကိုပါ ထိခိုက်လာနေလို့ပါ။ အဲဒါကြောင့် သူဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရယူပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်ဖြေလျှော့နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013