DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင် မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်အမတ် ဆန္ဒပြ
DVB
·
August 7, 2026
Photo: Anusorn Tamajai’s Facebook
Photo: Anusorn Tamajai’s Facebook
Donate to DVB

ထိုင်းနိုင်ငံမှာ ၂ ရက်ကြာ တရားဝင်ခရီး ရောက်ရှိလာတဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဩဂုတ် ၇ ရက်က ထိုင်းလွှတ်တော်ကို လာရောက်စဉ် ထိုင်းလွှတ်တော်အမတ်တယောက်ရဲ့ ဆန္ဒပြတာ ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံရေးပါတီတခုဖြစ်တဲ့ ပြည်သူ့ပါတီ (People's Party) ရဲ့ ဘန်ကောက် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွဲဖက်ပါမောက္ခ ဒေါက်တာ အာနုဆွန် သမ်ချိုင်းက စစ်အာဏာရှင် မင်းအောင်လှိုင်ကို အော်ဟစ် ဆန္ဒပြခဲ့တာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေက သူ့ကို ဆွဲခေါ်သွားခဲ့ရပါတယ်။

ဒေါက်တာ အာနုဆွန်သမ်ချိုင်းက စစ်အာဏာရှင်ထံပေးပို့တဲ့ အိပ်ဖွင့်ပေးစာမှာ မြန်မာနိုင်ငံမှာ ပင်လုံစာချုပ်ကို အခြေခံပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့ စနစ်တခု ထူထောင်ဖို့နဲ့  မြန်မာ့နယ်စပ် ပြဿနာတွေကြောင့် ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအပေါ် သက်ရောက်မှုတွေကို ဖြေရှင်းဖို့  တိုက်တွန်း ရေးသားထားပါတယ်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်းနဲ့ ချင်း အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေအကြား မြန်မာပြည်ထောင်စုကို ပူးတွဲထူထောင်ဖို့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ပင်လုံမြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံရေးသဘောတူညီချက် ပင်လုံစာချုပ်ရဲ့ မူတွေကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းပါတယ်။

ဒီလို ကျင့်သုံးခြင်းအားဖြင့် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့ စနစ်တခုကို မြန်မာနိုင်ငံမှာ ရရှိစေဖို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ တိုင်ပင်ဆွေးနွေးမှု လုပ်ငန်းစဉ်တရပ် ထူထောင်ဖို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့စနစ်တွေကို မြတ်နိုးတဲ့ ထိုင်းပြည်သူတွေရဲ့ ကိုယ်စားလှယ်တယောက် အနေနဲ့  အဆိုပြုတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ခံအစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ "၂၁ ရာစု ပင်လုံညီလာခံ"၊ "ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ" ရဲ့ မူတွေကို ထောက်ခံကြောင်း၊ ပင်လုံစိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရည်ရွယ်ချက်ဟာ အနှစ် ၇၀ ကျော်ကြာမြင့်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲဖို့ ဖြစ်ကြောင်း၊ ဒီကြိုးပမ်းအားထုတ်မှုတွေရဲ့ အထွတ်အထိပ်သို့ ရောက်ရှိချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အချက် ၇၁ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆုတ်ဖြဲခဲ့လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုလုံး လုံးဝ ရပ်တန့်သွားခဲ့ပြီး မြန်မာနိုင်ငံဟာ အရင်ကထက် ပိုမိုပြင်းထန်တဲ့ ပြည်တွင်းစစ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ရတယ်လို့ ထိုင်းလွှတ်တော်အမတ်က ပြောပါတယ်။

လက်ရှိ စစ်အာဏာရှင်အစိုးရ အနေနဲ့  မြန်မာနဲ့ နယ်စပ်တလျှောက်ရှိ အမျိုးမျိုးသော ပြဿနာတွေနဲ့ သက်ရောက်မှုတွေကို ဖြေရှင်းပေးမယ်လို့ မျှော်လင့်ကြောင်း၊ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုပြဿနာ၊ လူကုန်ကူးမှု၊ နယ်စပ်စစ်ပွဲ ပြဿနာတွေ၊ ရေထုအတွင်းသို့ အဆိပ်ရှိဓာတ်ပစ္စည်းတွေ လွှတ်ထုတ်မှုနဲ့ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြေရှင်းရာမှာ  ရှင်းလင်းပြတ်သားတဲ့ အချိန်ဇယားတခု ရှိဖို့လည်း အကြံပြုထားပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်ဦးမော့လာစေဖို့ ရှေ့ဆက်သွားပါက အားလုံးရဲ့ ဘုံအကျိုးစီးပွားအတွက် မြန်မာနဲ့ ထိုင်းပြည်သူတို့ အမှန်တကယ် လိုလားတောင့်တနေတဲ့ အရာဖြစ်ပါလိမ့်မယ်လို့   ထိုင်းလွှတ်တော်အမတ် ဒေါက်တာ အာနုဆွန် သမ်ချိုင်းက  မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ထံ စာရေး တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013