DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကြားခံပွဲစားများကို အယုံမလွယ်ရန် မြန်မာအလုပ်သမားများအား သတိပေး
ဇွဲသစ်
·
September 14, 2026
ထိုင်းရောက် မြန်မာလုပ်သားများအား ကူညီပေးနေစဉ် (Photo: WAG Myanmar)
ထိုင်းရောက် မြန်မာလုပ်သားများအား ကူညီပေးနေစဉ် (Photo: WAG Myanmar)
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်ရှာဖွေနေတဲ့ မြန်မာလုပ်သားတွေကို ကြားခံပွဲစားတွေက အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန်တောင်းပြီး လှည့်ဖြားကာ အလုပ်သွင်းပေးတာကြောင့် သတိထားကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား အများဆုံးရှိတဲ့ မဟာချိုင်၊ ချာချင်ဆောင်နဲ့ ချွန်ဘူရီမြို့နယ်တို့မှာ အလုပ်သမားတွေကို ကြားခံပွဲစားတွေက စက်ရုံတွေမှာ အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန် တောင်းပြီး ၄ လ၊ ၆ လ ရေတိုစာချုပ်တွေနဲ့ အလုပ် လိမ်ညာခေါ်ယူ သွင်းပေးနေတယ်လို့ သိရပါတယ်။

မြန်မာပွဲစားတွေနဲ့ ကြားခံအေဂျင်စီတွေ ပေါင်းပြီး အလုပ်သမားတွေဆီက စမတ်ကြေး အမြတ်ထုတ်တာအပြင် အကြောင်းမဲ့ အလုပ်ထုတ်ခံရရင်လည်း အထောက်အထားမစုံတဲ့ အလုပ်သမားတွေက နစ်နာကြေး မရကြဘူးလို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

WAG - အလုပ်သမား မဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက “လိုင်းပေါ်က ပွဲစားတိုင်းကို လိုက်ပြီးတော့ မစမတ်စေချင်ဘူး (အလုပ်မသွင်းစေချင်ဘူး)။ အလုပ်တွေကို ကိုယ့်ဆွေမျိုးသားချင်းရှိမှပဲ လုပ်စေချင်တယ်ပေါ့။ နောက်ပြီးရင် ဒီလို ပွဲစားတိုင်း အေဂျင်စီတိုင်းကို မယုံစေချင်ဘူး။ ကျနော်တို့တွေ ဒီ ရွှေ့ပြောင်းလုပ်သမားတွေကို သွားထည့်တဲ့ ပွဲစားတွေက မသေချာ မရေရာနဲ့ သူတို့ ပိုက်ဆံ စမတ်ကြေးရရေးတခုနဲ့ အလုပ်သွင်းတဲ့ ပုံစံတွေပဲ တွေ့ရတာပေါ့။ အလုပ်တခုကို ပြောင်းမယ်ဆိုရင်လည်း ဘိုင်ကျန့်အော် (အလုပ်ထွက်စာ) ယူပြီးတော့ အလုပ်လုပ်မယ်ဆို ကျန့်ခေါက် (အလုပ်ရှင်ပြောင်း) ပြီးမှပဲ အလုပ်တွေ လုပ်စေချင်တယ်။ အခုလိုမျိုး အလုပ်တခု ပြုတ်သွားပြီဆိုရင် ကျန့်မခေါက်ရသေးဘူးဆိုတဲ့ ဥပဒေကို သူတို့က လက်စွဲကိုင်ထားတာပေါ့။ သူဌေးလည်း မှားသလို အလုပ်သမားလည်း မှားတယ်။ အလုပ်သမားကလည်း အလုပ်လုပ်ပြီး နှစ်လအတွင်း ကိုယ့်စာရွက်စာတမ်းကို ကိုယ်က သေချာစိစစ်ရမှာ။ ကိုယ်ကလည်း မစိစစ်တဲ့အတွက်ကြောင့် ကိုယ်လည်း ပေါ့ဆတယ်ဆိုပြီးတော့ ထိတာပေါ့” လို့‌ ပြောပါတယ်။

မဟာချိုင် အပါအဝင် ချွန်ဘူရီနဲ့ ချာချင်ဆောင်ခရိုင်တို့က အလုပ်သမား အများစုဟာ အလုပ်ရဖို့ တယောက်ကို ဘတ် ၆,၅၀၀ ကနေ ၇,၅၀၀ ဝန်းကျင် စမတ်ကြေး ပေးရသလို တချို့က အလုပ်ပြောင်းခအဖြစ် ဘတ် ၄,၅၀၀ စီ ပေးရတယ်လို့ ဆိုပါတယ်။

လုပ်သားတွေဟာ လုပ်ငန်းခွင်တွေမှာ အခွင့်အရေး ချိုးဖောက်ခံရတာအပြင် စမတ်ကြေး အဆမတန် ပေးရတာနဲ့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်သမားတွေ အုပ်စုလိုက် ရာနဲ့ချီ အလုပ်ဖြုတ်ခံရတာ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ချွန်ဘူရီမြို့နယ်မှ အလုပ်သမားတယောက်က “အလုပ်ဖြုတ်ရင်တော့ စက်ရုံတော်တော်များများက အော်ဒါပြတ်သွားလို့ လူလျှော့တယ် အဲလို ပြောပြီးတော့ပဲ ထုတ်တာပေါ့။ ဘတ် ၅ သန်း ကုမ္ပဏီရုံးတွေ အေဂျင်စီတွေက စမတ်ကြေး (အလုပ်သွင်းပေးခ) တွေ အဆမတန်တောင်း၊ တောင်းပြီးတော့ စက်ရုံတွေကို ထည့်ပေးတာ၊ အမှန်တကယ်တော့ စက်ရုံတွေကတော့ မသိပါဘူး။ ကြားထဲက အဲဒီရုံးတွေ အေဂျင်စီ ပွဲစားတွေက လုပ်စားတာပေါ့ ပိုက်ဆံတွေကို။ ကိုယ် လုပ်နေတဲ့အလုပ်က အဆင်မပြေဘဲ ဖြစ်သွားတဲ့အခါ အလုပ်သမားတွေက နောက်ထပ် အလုပ်ရှာဖို့ကျ ခက်ခဲသွားတာပေါ့။ အချို့လူတွေကျတော့လည်း အလုပ်ဝင်ဖို့ စမတ်ကြေးတို့ ဘာတို့ ပေးစရာမရှိလို့ရှိရင် စိတ်ဓာတ်တွေကျပြီး မြန်မာနိုင်ငံ ပြန်သွားတာရှိတယ်၊ တချို့ကျတော့လည်း လမ်းဘေးမှာ နေစရာမရှိတွေ ဖြစ်ကုန်ကြတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အလုပ်ရှင်တွေဟာ အလုပ်ရပ်စဲတဲ့အခါ ကြိုတင်အသိပေးပြီး လုပ်သက်အလိုက် နစ်နာကြေးပေးဖို့ တာဝန်ရှိပေမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားအများစုကတော့ အလုပ်ဆုံးရှုံးချိန်မှာ ဥပဒေအရ ရသင့်တဲ့ အခွင့်အရေးတွေ မရရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ မြန်မာလုပ်သား ၇ သန်းနီးပါး ရောက်ရှိ လုပ်ကိုင်နေကြပြီး အဲဒီထဲမှာတော့ အထောက်အထား အပြည့်အစုံနဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားက ၃ သန်းဝန်းကျင်သာ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013