
ထိုင်းမြောက်ပိုင်း နန့်ခရိုင်၊ နားနွဲ့မြို့နယ်ထဲမှာ အာဟာရဖြည့်စွက်ဆေး စမ်းသပ်သောက်ကြည့်ရာက ဝေဒနာတွေ ရုတ်တရက် ခံစားရပြီး ၂၁ ယောက် ဆေးရုံကို အရေးပေါ်ပို့ဆောင်ကုသခဲ့ရတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ကနေ ၂၇ ရက်နေ့ထိ နားနွဲ့မြို့နယ် ဆီဆကစ်ရပ်ကွက် စည်ပင်သာယာရုံးမှာ စေတနာ့ဝန်ထမ်း အရည်အချင်းမြှင့်သင်တန်း ဖွင့်လှစ်ခဲ့တယ်၊ စက်တင်ဘာ ၂၇ ရက်မှာ သင်တန်းနည်းပြဆရာနဲ့အတူ လိုက်ပါလာသူတယောက် “ဆေးတလုံးတည်းနဲ့ အားလုံး အဆင်ပြေ” အဓိပ္ပာယ်ရ အာဟာရဖြည့်စွက်ဆေးကို မိတ်ဆက်ပေးပြီး သင်တန်းသားတွေကို အစမ်းသောက်စေခဲ့ပါတယ်။
အဆိုပါဆေးကို သင်တန်းသား/သူ စုစုပေါင်း ၁၆၃ ယောက်ထဲက ၁၂၉ ယောက်က စမ်းသောက်ကြည့်ခဲ့တယ်။ ဆေးသောက်ပြီး ၁၅ မိနစ်လောက်အကြာ သင်တန်းသား ၁၀၄ ယောက်မှာ ရင်ဘတ်အောင့်တာ၊ မျက်နှာနဲ့ အရေပြားနီရဲလာတာ၊ အဖုအပိမ့်ထွက်တာ၊ သွေးတိုးတာ စတဲ့ မူမမှန်တဲ့ လက္ခဏာတွေပေါ်လာပါတယ်။
အချို့မှာ သတိလစ်မေ့မြောသွားတာတွေ ရှိတာကြောင့် တာဝန်ရှိသူတွေက နားနွဲ့ ပြည်သူ့ဆေးရုံကို အမြန်ဆုံး ပို့ဆောင်လိုက်ရတယ်။ ဆေးရုံရောက်သူပေါင်း ၂၁ ယောက်ရှိပြီး ၇ ယောက်မှာ အတွင်းလူနာအဖြစ် ကုသခံနေရတယ်၊ ဆရာဝန်တွေက အနီးကပ် စောင့်ရှောက်ကုသပေးနေတာမှာ အားလုံးအသက်ဘေးအန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် နားနွဲ့မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနဲ့ နန့်ခရိုင် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖြည့်စွက်ဆေးနမူနာကိုယူကာ ဆေးသိပ္ပံဗဟိုဌာန ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးနေပါတယ်။
ထုတ်ကုန်ပစ္စည်းတွေမှာ မသန့်ရှင်းတဲ့ ဒြပ်စင်တွေ၊ အမှတ်တံဆိပ်အညွှန်းစာမှာ ဖော်ပြခြင်းမရှိတဲ့ ပစ္စည်း၊ ဆေးဝါး၊၊ ဓာတ်ပြုပစ္စည်းတွေကို အဓိကရှာဖွေ စစ်ဆေးဖို့ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
နားနွဲ့မြို့နယ် ရဲစခန်းကလည်း ဖြည့်စွက်အစာဆေး ထုတ်လုပ်ရောင်းချသူတွေ အရောင်းကိုယ်စားလှယ်တွေကို ခေါ်ယူစစ်ဆေးနေပါတယ်။
နားနွဲ့ဆေးရုံအုပ်ကြီးက အာဟာရဖြည့်စွက်စာ ဆိုတာ ရောဂါပျောက်ဆေး မဟုတ်တာကြောင့် ကုသမှုကို အစားမထိုးနိုင်ကြောင်း၊ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံး စတဲ့ရောဂါ အခံရှိသူတွေအနေနဲ့ ဆေးရောင်းဝန်ထမ်းတွေရဲ့ စကားနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်တာ၊ ဆေးပမာဏ လျှော့သောက်တာတွေ မလုပ်သင့်ကြောင်း သတိပေးပြောကြားပါတယ်။
ဒါ့အပြင် သွေးသန့်စင်ပေးတယ်၊ နာတာရှည်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေတယ်လို့ လွန်ကဲစွာ ကြော်ငြာထားတဲ့ ထုတ်ကုန်တွေကို သတိပြုဖို့၊ ရောဂါပြင်းထန်ပါက ဆေးရုံ ဆေးခန်း ကျန်းမာရေးဝန်ထမ်းတွေနဲ့သာ အမြန်ဆုံးတိုင်ပင်ကုသဖို့ သတိပေးပြောကြားပါတယ်။
Source: Chiangmai News










