
မဟာဓာတ်အားလိုင်းတာဝါတိုင်တွေမှာ မြေစိုက်ကြိုးတွေ၊ ဘို့နပ်တွေခိုးခံရတာကြောင့် System Breakdown ဖြစ်နေရပြီး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့နဲ့ ဖော်ထုတ်သတင်းပေးကြဖို့ စစ်အာဏာရှင်ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုပါတယ်။
အရင်ကတော့ System Breakdown ဖြစ်ရင် မဟာဓာတ်အားလိုင်းကြီးတွေ ဖျက်ဆီးခံရတာကြောင့်လို့ မကြာခဏ အကြောင်းပြထုတ်ပြန်လေ့ရှိပြီး အခုတော့ တခြားအကြောင်းတွေကိုပါ ဖော်ပြလာတာပါ။
ဒါပေမဲ့ တချို့ မဟာဓာတ်အားလိုင်းတိုင်ကြီးတွေ ဖျက်ဆီးခံထားရလို့ ကျန်တဲ့ ဓာတ်အားလိုင်းကြီးတွေက ဝန်ပိုတွေ သယ်ဆောင်ထားရပြီး ကြာရှည်သယ်ရတာနဲ့အမျှ ဝန်သယ်ကြိုးတွေမှာ ဒဏ်ဖြစ်ပေါ်လာပြီး ဝန်သယ်နိုင်အား လျော့ကျလာတယ်လို့ ဆိုပါတယ်။
ပိုဆိုးတာကတော့ ဓာတ်အားလိုင်းကြီးတွေအပါအဝင် ဓာတ်အားစနစ်တလျှောက် မိုးကြိုး လျှပ်စစ်အန္တရာယ်ကနေ အကာအကွယ်ရဖို့ တာဝါတိုင်တွေမှာ တပ်ဆင်ထားတဲ့ မြေစိုက်ကြိုးတွေကို ဖြတ်ခိုးခံရတာ၊ တာဝါတိုင်အခြေကသံဘောင်တွေ၊ ဘို့နပ်တွေကို ဖြုတ်ခိုးတာကြောင့် မိုးကြိုးလျှပ်စီးဒဏ်ကနေ အကာအကွယ်မဲ့သွားပြီး ဝန်သယ်ကြိုးတွေမှာ ဒဏ်ပိုဖြစ်လို့ ပြတ်ကျတာ၊ တာဝါတိုင်တွေ ကြံ့ခိုင်မှုအားနည်းပြီး အလိုအလျောက် ဒါမှမဟုတ် သာမန်လေပြင်းတိုက်ရုံနဲ့ ပြိုလဲကျတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘို့နပ်တွေ ဖြုတ်ခိုးမခံရအောင် တချို့နေရာတွေမှာ ဂဟေနဲ့ဆက်ရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အဲဒီနေရာ သံချေးစားပြီး တာဝါတိုင်ကျိုးပြတ်တာ ဖြစ်လာမယ် လို့လည်း ဆိုပါတယ်။
ဒါတွေဟာ ဓာတ်အားစနစ်တလျှောက် မကြာခဏအပြစ်ဖြစ်ပြီး နေရာဒေသအလျောက် ဓာတ်အားပြတ်တောက်တာ၊ တချို့အချိန်တွေမှာ တနိုင်ငံလုံးဓာတ်အားပြတ်တောက်ပြီး System Breakdown ဖြစ်တာရဲ့ အဓိကအကြောင်းတရားတွေဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
System Breakdown ဖြစ်ရင် အမြန်ဆုံး မိနစ် ၃၀ လောက်နဲ့ ဓာတ်အားပြန်ရနိုင်ပေမဲ့ တချို့ ဒေသတွေမှာတော့ ၅ နာရီလောက်ကြာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားစနစ်ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြဖို့၊ နှောင့်ယှက်ဖျက်ဆီးသူတွေကို ဖော်ထုတ်သတင်းပေးကြဖို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက System Breakdown ဖြစ်လို့ တနိုင်ငံလုံး ဓာတ်အားပြတ်တောက်ခဲ့ပြီး မီးပြန်ပေးပြီး ခဏအတွင်းမှာပဲ ထပ်ပြီး System Breakdown ဖြစ်ခဲ့ပါသေးတယ်။
အဲဒီ System Breakdown ဖြစ်တာဟာ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ အမှတ် ၁ နဲ့ ၂ လိုင်းမှာ အပြစ်ဖြစ်တာကြောင့်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။











