
ဧရာဝတီတိုင်းက မြို့နယ်နဲ့ မြို့တွေမှာ အောက်တိုဘာ ၅ ရက် ဒီနေ့ကစတင်ကာ အုပ်စု ၄ စု ခွဲပြီး လျှပ်စစ်မီးကို ၂ နာရီပေး ၆ နာရီပြတ်စနစ်နဲ့သာ ဖြန့်ဖြူးတော့မယ်လို့ စစ်အာဏာရှင်ရဲ့ တိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းအတွင်း တနေ့ လျှပ်စစ်ဓာတ်အား ၆ နာရီသာ ရရှိပြီး ၁၈ နာရီ ပြတ်တော့မယ်လို့ ဆိုပါတယ်။
ပုသိမ်၊အမှတ် ၆ ရပ်ကွက်နေသူတယောက်က "နွေမရောက်သေး၊ မိုးကုန်တာနဲ့ မီးပျက်ပြီး အခု ၂ နာရီပေး ၆ နာရီပြတ်ပြောတာ၊ တကယ် ၂ နာရီ အချိန်ပြည့် လာမယ်မထင်” လို့ DVB ကို ပြောပါတယ်။
မအူပင်မြို့မှာ နေထိုင်သူတယောက်က “လျှပ်စစ်မီး အလှည့်ကျပေးတိုင် မီးအား မပြည့်တာ၊ ခဏခဏပျက်တာ အမြဲကြုံနေကြ။ တခါတလေ ၁ နာရီတောင် ပြည့်အောင် မလာပါဘူး။ လျှပ်စစ်မီးတောင် တနှစ်ထက်တနှစ် ပိုလျော့ပေးနေတာ ပိုဆိုးလာဖို့ ရှိတာပါ” လို့ DVB ကို ပြောပါတယ်။
ဧရာဝတီတိုင်းရှိ လုပ်ငန်းရှင်တယောက်က “အိမ်တွင်းစက်မှုလုပ်ငန်းတွေ၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေအတွက် ပိုဆိုးကျိုးရတာ။ ဆိုလာလည်း ဝယ်ဖို့ မတတ်နိုင်၊ အဓိက အာဏာသိမ်းလို့ ဖြစ်တာ၊ ဘယ်လိုနေရာမှ စီမံတတ်တာမဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့တွေမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်အားမလုံလောက်တာကြောင့် မဂ္ဂါဝပ်ခွဲတမ်းတွေခွဲပြီး ဝန်အားမျှကာ ဓာတ်အားဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၂ ခုနှစ်အစောပိုင်းကတည်းက ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့မှာ တနေ့လျှင် ၁၄ နာရီကျော်အထိ မီးပြတ်တောက်ခဲ့ပြီး လျှပ်စစ်အားကို အလှည့်ကျ နာရီအနည်းငယ်သာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုမှာတော့ အခြေအနေ ပိုမိုဆိုးရွားလာပြီး မီးလာချိန် ၁ နာရီမှ ၂ နာရီဝန်းကျင်၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ကလည်း ပုသိမ်မြို့မှာ တနေ့လျှင် တနာရီစီ သုံးကြိမ်သာ လျှပ်စစ်မီးရရှိခဲ့ပါတယ်။
၂၀၂၅ မတ်လ ငလျင်နောက်ပိုင်းမှာလည်း ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြအပါအဝင် ဧရာဝတီတိုင်းက မြို့ကြီးတွေနဲ့ မြို့နယ်အများစုမှာ ဧပြီ ၁ ရက်အထိ မီးမရခဲ့ဘူးလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အချက်အလက်တွေအရ ဧရာဝတီတိုင်းမှာ လက်ရှိ အိမ်ထောင်စု စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီးရရှိသုံးစွဲနေတာဖြစ်ပါတယ်။










