
ရာသီဥတုပူလာလို့ လျှပ်စစ်ကို ပိုသုံးလာကြတာကြောင့် System Breakdown မဖြစ်အောင် အောက်တိုဘာ ၅ ရက် မနက်ဖြန်ကစပြီး လျှပ်စစ်မီးကို အလှည့်ကျပေးတော့မယ်လို့ စစ်အာဏာရှင်ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
အခုအခါ မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကာလကုန်ဆုံးလို့ ပွင့်လင်းရာသီကို ရောက်ရှိလာပြီ ဖြစ်ပြီး ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှုတွေကြောင့် အပူချိန်သိသိသာသာမြင့်လာပြီး ဓာတ်အားသုံးစွဲမှုလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။
အခုနှစ် နွေရာသီမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ ရေလှောင်တမံတွေမှာ ရေခန်းခြောက်မှုပိုနိုင်မယ်လို့ မျှော်မှန်းပြီး လာမဲ့ ၂၀၂၇ ခုနှစ် မိုးရာသီအထိ တမံတွေရဲ့ ရေသိုလှောင်ထားမှုပမာဏကိုထိန်းညှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသွားဖို့ စီမံထားတယ်လို့ ဆိုပါတယ်။
အခုနှစ်နွေရာသီအမီ ဆိုလာစီမံကိန်းအသစ်တွေ၊ ရေအားလျှပ်စစ်စီမံကိန်းအသစ်တွေ အပါအဝင် ဓာတ်အားထပ်ထုတ်လုပ်နိုင်ရေး လုပ်နေသလို ဖျက်ဆီးခံထားရတဲ့ ဓာတ်အားပေးစနစ်တွေ ပြန်လည်ကောင်းမွန်လာစေရေးအတွက်လည်း လုပ်နေတယ်လို့ ဆိုပါတယ်။
အပူချိန်မြင့်လို့ ဓာတ်အားလိုအပ်ချက် မြင့်လာချိန်မှာ ဓာတ်အားထုတ်လုပ်တာနဲ့ သုံးစွဲမှု အချိုးမညီရင် ဓာတ်အားစနစ်ထဲက ဓာတ်အားထုတ်စက်တွေ ရုတ်တရက်ရပ်တန့်တာ၊ မဟာဓာတ်အားလိုင်းတွေ အပြစ်ဖြစ်ပြီး တနိုင်ငံလုံး ဓာတ်အားစနစ်ပြတ်တောက်တာ (System Breakdown) စတာတို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုကာလမှာ ဓာတ်အားထုတ်လုပ်နိုင်မှုနဲ့အညီ သုံးစွဲမှုကို အချိုးညီစေရေးအတွက် ဝန်အားထိန်းညှိဖြန့်ဖြူးတာကို မလွဲမရှောင်သာ အနည်းဆုံးပမာဏနဲ့ ပေးသွားမယ်လို့ ဆိုပါတယ်။
အရင်ကတော့ အုပ်စုတွေခွဲပြီး ၄ နာရီခြားတခါဖြတ်တဲ့စနစ်ကို ကျင့်သုံးခဲ့ပေမဲ့ အခုတော့ ဘယ်လိုပုံစံဖြတ်မယ်ဆိုတာကိုတော့ သက်ဆိုင်ရာမြို့နယ်တွေက အသေးစိတ်ထုတ်ပြန်တာ မတွေ့ရသေးဘဲ လျှပ်စစ်သတင်းတွေ ဖြန့်ဝေနေတဲ့ ကေအက်စ် လူမှုကွန်ရက်စာမျက်နှာကတော့ ရန်ကုန်တိုင်းထဲမှာ အုပ်စု ၂ ခုခွဲပြီး မနက် ၅ နာရီကစလို့ ၄ နာရီခြားတခါ အလှည့်ကျ မီးဖြတ်မယ်လို့ ဆိုပါတယ်။
မန္တလေးမှာတော့ မနေ့ကစလို့ အုပ်စု ၂ ခုခွဲပြီး မနက် ၄ နာရီကစလို့ ၄ နာရီခြားတခါမီးဖြတ်မယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။










