
ရန်ကုန်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်က ပလတ်စတစ်စက်ရုံတရုံဟာ လျှပ်စစ်ဓာတ်အား ခိုးသုံးတာကြောင့် လျော်ကြေး ကျပ်သန်း ၈,၀၀၀ လောက် ပေးသွင်းစေပြီး ပိုင်ရှင်နဲ့ မန်နေဂျာကို ဖမ်းဆီးထားတယ်လို့ စစ်အာဏာရှင်ရဲ့ ပြန်ကြားရေးသတင်းမှာ စက်တင်ဘာ ၂၃ ရက်က ဖော်ပြပါတယ်။
စက်တင်ဘာ ၂၁ ရက်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ငွေပင်လယ်စက်မှုဇုန်က ဦးသိန်းနိုင်ရဲ့ 777 ပလတ်စတစ်စက်ရုံမှာ တပ်ဆင်ထားတဲ့ 2 MVA ထရန်စဖော်မာနဲ့ တွဲဆက်တပ်ဆင်ထားတဲ့ မီတာမှာ Alarm ပေါ်နေတာကြောင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နဲ့ မြို့နယ်ပါဝင်တဲ့ ၅ ဦးကော်မတီအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားတာကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးတွေ့ရှိရလို့ မီတာကို ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့တဲ့ လျှပ်စစ်ဓာတ်အား ယူနစ် ၁၀ ဒသမ ၄၆၈ သန်းအတွက် ကျသင့်လျော်ကြေးငွေ ကျပ်သန်း ၇,၉၀၇ ကို ပြန်လည်ပေးလျော်စေရေးနဲ့ လျှပ်စစ်ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရေး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှာ စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နဲ့ စက်ရုံမန်နေဂျာ ဦးကြည်လှိုင် တို့ကို အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလဆန်းကလည်း မှော်ဘီက သံရည်ကျိုလုပ်ငန်းတခုဟာ မီတာခိုးထားတာကြောင့် လျော်ကြေး ကျပ်သန်းပေါင်း ၁၇,၀၀၀ ကျော် ပေးဆောင်စေပြီး စက်ရုံကိုလည်း ချက်ချင်း ပိတ်သိမ်းခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း တရားမဝင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတာတွေကို စစ်အာဏာရှင်ရဲ့ ဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးဖော်ထုတ်ခဲ့တာမှာ နေပြည်တော်မှာ ၇ ယောက်၊ ရန်ကုန်တိုင်းမှာ ၁၂ ယောက်၊ မန္တလေးတိုင်းမှာ ၂၁ ယောက်၊ မကွေးတိုင်းမှာ ၁၇ ယောက်၊ ဧရာဝတီတိုင်းမှာ ၃၂ ယောက်၊ ကချင်ပြည်နယ်မှာ ၁ ယောက်၊ မွန်ပြည်နယ်မှာ ၂ ယောက်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၃ ယောက်၊ စုစုပေါင်း ၉၅ ယောက်ကို ဖော်ထုတ်ရရှိခဲ့ပြီး မီတာဖြုတ်သိမ်းတာ၊ လျော်ကြေးငွေ အပြည့်အဝတောင်းခံတာ၊ တချို့ကိုတော့ အမှုဖွင့် တရားစွဲခဲ့တယ်လို့ ဆိုပါတယ်။










