DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆန်ကြမ်းဈေး ထိုးတက်လာသဖြင့် အခြေခံလူတန်းစားများ အခက်တွေ့
DVB
·
October 17, 2026
Photo : DVB
Photo : DVB
Donate to DVB

ဧရာဝတီတိုင်းမှာ သာမန်ပြည်သူတွေ အဓိကစားသုံးတဲ့ ဆန်ကြမ်းဈေး ထပ်မံ ထိုးတက်လာတာ ကြောင့် အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပုံမှန်အားဖြင့် ဆန်ကြမ်းတပြည်ကို ကျပ် ၃,၀၀၀ အထိသာ ဈေးရှိခဲ့ပေမဲ့ အောက်တိုဘာလ ပထမအပတ်ကစပြီး ဆန်ကြမ်းတပြည်ကို ကျပ် ၆,၈၀၀ အထိ ဈေးထိုး တက်လာပါတယ်။

ကျပ် ၆,၈၀၀ နဲ့ ဝယ်စားရတဲ့ ဆန်ကြမ်းအမျိုးအစားဟာ ဆန်ကြမ်းတွေထဲမှာ အညံ့ဆုံးဆန် ဖြစ်တယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်က ပြည်သူတယောက်က “အခု ၃,၇၀၀ အထိလောက်ကို ခုန်တက်သွားတာ။ တပြည် ကျပ် ၆,၈၀၀ နဲ့ ဝယ်ရတယ်။ ဒီရက်ပိုင်းအတွင်း ထိုးတက်လာတာ။ ကျပ် ၆,၈၀၀ နဲ့ ရတဲ့ဆန်က ဆန်ကွဲသာသာပဲ။ အခု ဆန်ကွဲစားနေရတယ်။ တချို့က မနက်နဲ့ည ပေါင်းစားနေရတယ်” လို့ ပြောပါတယ်။

အဆိုပါ ဆန်ကြမ်းဈေးတွေ ထိုးတက်လာတာဟာ ဆန်အဝင်နည်းလာတာ၊ စပါးအသစ်ဈေးတက် နေတာ၊ မိုးစပါးအထွက်နှုန်း လျော့ကျနေတာ၊ သဘာဝဘေးဒဏ်နဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းဈေးတွေ တက်လာတာကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာတာတွေ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က “ဆန်အသစ်တွေ အရောင်းအဝယ် မလုပ်နိုင်သေးပါဘူး။ ဒါ့ကြောင့် ဆန်ဈေးက ထိုးတက်နေတာ။ ပြည်ပဆန်စပါး ဈေးကွက် ကောင်းလာရင် ထပ်တက်ဦးမှာ။ ဟုတ်တယ်၊ အခုရက်ပိုင်းတွေဆိုရင် ပိုတက်လာတယ်။ အရောင်းအဝယ်လုပ်ရတာလည်း အဆင်မပြေတော့ဘူး။ ဆန်ဈေး အဆမတန်တက်နေတဲ့ အခြေအနေနဲ့ ကြုံရတာ နိုင်ငံရေးအကျပ်အတည်းရဲ့ အကျိုးဆက်ကြောင့် ကုန်စည်ဈေး မတည်ငြိမ်တာပေါ့” လို့ ပြောပါတယ်။

အခုလို ဆန်ဈေး၊ စပါးဈေးတွေ အဆမတန်ထိုးတက်နေတာဟာ ဧရာဝတီတိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အမြင့်ဆုံးဈေးဖြစ်ပြီး ဧရာဝတီတိုင်းက အရပ်သားတွေဟာ ဆန်စပါးစိုက်ပျိုးနေကြပေမဲ့ ဆန်ကွဲစားရတာ ပထမဆုံးအကြိမ်ပဲလို့ ဆိုပါတယ်။

ဆန်ကြမ်းတွေအပြင် ပေါ်ဆန်း၊ ပေါ်ဆန်းဘေးကြား၊ တောင်ပျံစတဲ့ ဆန်အချောတွေဟာလည်း ပုံမှန်အားဖြင့် တပြည်ကို ကျပ် ၅,၅၀၀ ကနေ ၆,၀၀၀ အထိသာ ဈေးရှိခဲ့ရာက လက်ရှိမှာ တပြည်ကို ကျပ် ၉,၀၀၀ ကနေ ၉,၈၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသထွက်ဆန်စပါး အထွက်နည်းပြီး ဆန်ဈေးတွေ ထိုးတက်နေပေမဲ့ ပြည်တွင်းက ဆန်တွေကို စစ်အာဏာရှင်တပ်က ပြည်ပဈေးကွက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အများအပြားတင်ပို့ခဲ့တာကြောင့်လည်း အခုလို ဆန်ဈေးထိုးတက်လာတာလို့ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013