DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကြက်သွန်နီတပိဿာ ကျပ် ၁၀,၀၀၀ ဖြစ်လာပြီး အခြေခံလူတန်းစားများ ဝယ်မစားနိုင်
DVB
·
September 26, 2026
Photo : TM
Photo : TM
Donate to DVB

ဧရာဝတီတိုင်းမှာ ကြက်သွန်နီတပိဿာကို ကျပ် ၁၀,၀၀၀ အထိ ဈေးအဆမတန် မြင့်တက်လာ တာ ကြောင့် အခြေခံလူတန်းစားတွေ ဝယ်စားဖို့ ခက်ခဲလာတယ်လို့ ဒေသခံစားသုံးသူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဧရာဝတီတိုင်းမှာ ကြက်သွန်နီ တပိဿာကို ကျပ် ၄,၀၀၀ ကနေ ၅,၅၀၀ အထိပဲ ဈေးရှိခဲ့ပြီး စက်တင်ဘာလပထမအပတ်ကစလို့ ကြက်သွန်နီတပိဿာကို ကျပ် ၁၀,၀၀၀ အထိ ဈေးတက်လာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ကြက်သွန်နီ ဝယ်ယူစားသုံးဖို့ ခက်ခဲလာတာလို့ ဆိုပါတယ်။

ပုသိမ်မြို့က ဒေသခံအိမ်ရှင်မတယောက်က “အရင်က ကြက်သွန်နီက ဝယ်စားနိုင်တဲ့ဈေးရှိတယ်။ အခု တပိဿာကို ကျပ် ၁၀,၀၀၀ လောက်အထိဖြစ်လာတော့ အရမ်းဈေးကြီးလာတယ်။ မဖြစ်မနေ ဝယ်စားရမယ့် ဆန်နဲ့ယှဉ်ရင် ဆန်ကိုပဲဦးစားပေးရတော့တယ်။ အခုလောလောဆယ် ကြက်သွန်နီ မဝယ်စားတော့ဘူး။ ဈေးက အရမ်းကြီးနေလို့ပါ” လို့ ပြောပါတယ်။

ကြက်သွန်နီဈေးနှုန်းမြင့်တက်လာတာဟာ မန္တလေးဘက်ကနေ ဧရာဝတီတိုင်းဘက်ကို ကြက်သွန်နီတွေသယ်ယူရာမှာ လမ်းခရီးစစ်ဆေးမှုတွေ တင်းကျပ်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာနဲ့ လမ်းခရီးဂိတ်ကြေးပေးရတာ များလာတာကြောင့် လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအခြေအနေတွေကြောင့် ကုန်တင်ကားတွေ ညဘက်သယ်ယူပို့ဆောင်ဖို့ ခက်ခဲလာတာ၊ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေမှာ လယ်ယာလုပ်ငန်းတွေလုပ်ဖို့ ခက်ခဲလာတာ၊ သွင်းအားစုစရိတ်တွေ ကုန်ကျမှုများလာတာနဲ့ ဧရာဝတီတိုင်းအတွင်း ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိလာတာကြောင့်လည်း ကြက်သွန်နီဈေး မြင့်တက်လာတာလို့ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ယောက်က “မန္တလေးဘက်ကနေ ဧရာဝတီတိုင်းဘက်ကို သယ်ယူလာတဲ့အခါ လမ်းခရီးမှာ စစ်ဆေးတာတွေ တင်းကျပ်လာတယ်။ ကုန်တင်ကားခတွေလည်း ဈေးတက်လာတယ်။ လမ်းခရီးမှာ ဂိတ်ကြေးပေးရတာတွေ များလာတော့ ကုန်ကျစရိတ်က အရင်ထက် ပိုများလာတယ်” လို့ ပြောပါတယ်။

ကြက်သွန်နီဈေးမြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ နေ့စဉ်စားသောက်ရာမှာ ကြက်သွန်နီအသုံးပြုမှု လျှော့ချလာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြက်သွန်နီကို ဧရာဝတီတိုင်းမှာ နည်းနည်းပဲ စိုက်ပျိုးထုတ်လုပ်ပြီး မန္တလေးတိုင်းဘက်က အဓိက တင်သွင်းရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးဘက်ကနေ ကြက်သွန်နီတင်သွင်းခဲ့ရပေမဲ့ စစ်တပ်အာဏာမသိမ်းခင်က ဧရာဝတီတိုင်းမှာ ကြက်သွန်နီ တပိဿာကို ကျပ် ၇၀၀ ကနေ အမြင့်ဆုံး ကျပ် ၁,၂၀၀ အထိပဲ ဈေးရှိခဲ့တယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013