
ရခိုင်-ဧရာဝတီအစပ် ကားလမ်းနဲ့ ရိုးကျော်လမ်းတွေမှာ အာရက္ခတပ်တော် (AA)နဲ့ စစ်အာဏာရှင်တပ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်း သာပေါင်းလေးနဲ့ ကျောက်ချွိန်ကြားနဲ့ ဂွ-ငသိုင်းချောင်းလမ်းပေါ်က ရေကြည်မြို့နယ် အမြောက်တပ် (၃၄၄) အနီးတွေမှာ အောက်တိုဘာ ၁၅၊ ၁၆ ရက်နဲ့ ၁၇ ရက် ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သာပေါင်းလေးဘက်၊ ကျောက်ချွိန်ဘက်တွေမှာ ပိုပြင်းတယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီဘက်က အင်အားတွေဖြည့်ပြီး ထိုးစစ်ဆင်ပေမဲ့ အကျများနေတယ်။ ရေကြည် အမြောက်တပ်ဘက်မှာတော့ စစ်ကောင်စီဘက်က တခါတလေ ထိုးစစ်ဆင်သလို AA ဘက်ကလည်း အလစ်သုတ် တိုက်ခိုက်တာတွေ ရှိတယ်။ ထွက်လာသမျှကို ဆော်နေတာရှိတယ်။”
အောက်တိုဘာ ၁၆ ရက်ကဆိုရင် သာပေါင်းလေးတိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေကို AA က သိမ်းမိထားတယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့ကတိုက်ပွဲမှာဆို သေတာ ၁၀ ယောက် ထက်မနည်းဘူး။ လက်နက်တွေလည်း ရထားတယ်။
ပေါက်တောမြို့ကိုလည်း စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၅ ရက် နေ့လယ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်က နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်တောမြို့ အမှတ် ၂ ရပ်ကွက်ကို Y-12 လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်မှုမရှိပေမဲ့လည်း နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပေါက်တောမြို့ အမျိုးသားတယောက်က ပြောပါတယ်။
“လေယာဉ်က ငပြီကျွန်းဘက်က ဗုံးကြဲပြီး အပြန်မှာ ပေါက်တောမြို့ကိုပါ ဗုံးကြဲသွားတာ။ အမှတ် ၂ ရပ်ကွက်မှာ ဗုံး ၂ လုံး ပေါက်ကွဲပြီးတာ့ နေအိမ် ၅ ဆောင် ပျက်စီးသွားတာ ရှိတယ်။ လူအထိအခိုက်တော့ မရှိဘူး။ ကံကောင်းသွားတာပေါ့။ ၁၁ ရက်နေ့ကလည်း မြို့ပေါ်ကို ဗုံးကြဲသွားလို့ အရပ်သားတွေ ထိခိုက်ခဲ့တာကြောင့် မြို့ခံအများစုက ပြန်ပြီး စစ်ရှောင်နေကြတယ်။”
ငပြီကျွန်းမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA)တို့ အကြား တိုက်ပွဲပြင်းထန်နေကြပြီး စစ်အာဏာရှင်တပ်က နေ့တိုင်းလိုလို လေကြောင်းပစ်ကူတွေနဲ့ အသေခံဒရုန်းတွေကို အသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်ကလည်း ပေါက်တောမြို့ အမှတ် ၃ ရပ်ကွက်လေကြောင်း ဗုံးကြဲလို့ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းကလည်း ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၇ ယောက် သေဆုံးပြီး ၁၇ ယောက်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၄ ရက်ကလည်း တောင်ကုတ်မြို့နယ် မအီမြို့အနီးက လုံးတော်ပေါက်ရွာ အနီးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံး ၄ လုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်တွေဟာထပ်မံ နေရာရွေ့ပြောင်းနေရတယ်လို့ ဒေသတွင်း လူမှုကူညီရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
“မနေ့က မအီ လုံးတော်ပေါက်ရွာ အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ အနီးပတ်ဝန်းကျင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ အရပ်သား ထိခိုက်မှု မရှိပေမဲ့ ကျောက်ဖြူဘက်ကနေ စစ်ရှောင်နေသူတွေက မနေရဲတော့ ဘေးလွတ်ရာတွေကို ရွှေ့ပြောင်းထားရတာရှိတယ်။ စစ်ဘေးရှောင် အိမ်ထောင်စု ၃၀ က လူဦးရေ ၂၀၀ နီးပါးလောက် ရွှေ့ပြောင်းနေကြရတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က မြို့တွေနဲ့ ရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာနေပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးနဲ့အတူ စစ်ရေးအရ အထိနာနေတာကြောင့် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့၊ရွာတွေနဲ့ အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်ဘက်က အကျအဆုံးများပြီး အသာစီးမရတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားပြုလာနိုင်တာကြောင့် ဒေသခံတွေ ပိုမိုသတိထား နေထိုင်သင့်တယ်လို့ AA က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ရခိုင်-ဧရာဝတီ အစပ်နေရာတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိင့် (၁၀၁) အနီးဝန်းကျင်နဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အနီးဝန်းကျင် နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းက စစ်အာဏာရှင် တပ်ဖွဲ့ဝင် အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ AA က ဩဂုတ် ၅ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေအပြင် ချင်းပြည်တောင်ပိုင်းနဲ့ အာရက္ခဒေသ နယ်စပ်တဝိုက်တွေကို တပြိုင်တည်း ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











