
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီမိုဟာမက် နာအီနီဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင်ရုပ်သံက မတ် ၂၀ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။
အီရန် အစ္စလာမ်မစ်တော်လှန်ရေးစစ်တပ် (IRGC) ရဲ့ ပြည်သူဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ နာအီနီဟာ အစ္စရေးရဲ့လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ဒါဇင်နဲ့ချီတဲ့ အီရန်ထိပ်တန်းအရာရှိတွေထဲက နောက်ဆုံး တယောက်လည်း ဖြစ်ပါတယ်။
မတ် ၂၀ ရက်မှာပဲ အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အဘိုးလ်ဖှာ့ဇ်ရှီ ကာရ်ချီက အမေရိကန်နဲ့ အစ္စရေးအရာရှိတွေ၊ တပ်မှူးတပ်သားတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ သူတို့ ပုန်းနေတဲ့နေရာတွေကနေ ဆွဲထုတ်ပြီး သူတို့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ခိုင်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။
ဗိုလ်ချုပ်အဘိုးလ်ဖှာ့ဇ်ရှီကာရ်ချီက"ကျနော်တို့ဆီမှာ ရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီနေ့ ကစပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့ ခရီးသွားနေရာတွေ၊ အပန်းဖြေပန်းခြံတွေနဲ့ လည်ပတ်စရာနေရာတွေ ဟာ ခင်ဗျားတို့အတွက် လုံခြုံမှု ပေးနိုင်တော့မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် အီရန်အရာရှိတွေဟာ ပြည်သူတွေနဲ့အတူ နေထိုင်ကြသူတွေဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေး အရာရှိတွေကတော့ အီရန်ရဲ့ခုခံမှုကို မယှဉ်နိုင်လို့ မြေအောက်ခန်းတွေထဲ ပုန်းအောင်းနေကာ ပြည်သူ တွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့လည်း အီရန်ဗိုလ်ချုပ် ရှီကာရ်ချီက စွပ်စွဲ ပြောပါတယ်။
အစ္စရေးစစ်တပ်က တီဟီရန်ရှိ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားသလို တခြားတဘက်မှာလည်း အီရန်က ကာတာနိုင်ငံရှိ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘာ့သဘာဝဓာတ်ငွေ့ ဈေးကွက်မှာ နှစ်ရှည်လများ ထိခိုက်စေမဲ့ ပျက်စီးမှု တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် အီရန်ဟာ ကူဝိတ်ရှိ ရေနံချက်စက်ရုံ တခုကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ပွဲက အဆုံးသတ်မဲ့ပုံ မမြင်သေးပါဘူး။
ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားတဲ့ ဟော်မုဇ်ရေလမ်းကြောင်း လည်း ပိတ်လုနီးပါးဖြစ်နေပြီး ဆီဈေးတက်ခြင်းနဲ့ စီးပွားရေးဖိအားတွေ တိုးလာမယ်ဆိုတဲ့ စိုးရိမ်မှု တွေပါ မြင့်တက်နေပါတယ်။
Source:Reuters











