အီရန်ရဲ့ ခြိမ်းခြောက်မှုတွေ အဆုံးသတ်စေမဲ့ တခုတည်းသော နည်းလမ်းက သူတို့အစိုးရကို ဖြုတ်ချပစ်နိုင်ဖို့ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။
“အီရန်က ကျနော်တို့ကို ဖျက်ဆီးချင်ခဲ့တယ်၊ ကျုပ်တို့ တားဆီးနိုင်ခဲ့တယ်။ သူတို့ နျူကလီးယား ဗုံးတွေ ထုတ်လုပ်ချင်ခဲ့တယ်၊ ကျုပ်တို့ ရပ်တန့်စေခဲ့တယ်။ ဒါပေမဲ့လည်း သူတို့ ဆက်ပြီး ကြိုးစားနေတုန်းပဲ” လို့ ဝန်ကြီးချုပ်ကိုယ်တိုင် မဲဆွယ်စည်းရုံးပွဲမှာ မှတ်ချက်ပေးပါတယ်။
ဒါကြောင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၊ မော့ဆက် ထောက်လှမ်းရေးအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့အစည်း အားလုံးကို ညွှန်ကြားထားတယ်လို့လည်း နေတန်ယာဟုက ဖြည့်စွက်ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က အစ္စရေးလွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ အခုလိုမျိုး နေတန်ယာဟုရဲ့မှတ်ချက် ထွက်ပေါ် လာခဲ့တာပါ။
တဖက်မှာလည်း အမေရိကန်သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတာကြောင့် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်တာ မလုပ်ဖို့ ဒေါ်နယ်ထရမ့်ပ်က တားမြစ်ထားပါတယ်။
အခုလအစောပိုင်းမှာ အီရန်အပေါ် တိုက်ခိုက်မှုတွေ တဖန်ပြန်လည်စတင်နိုင်မဲ့ အစီအစဉ်တွေ ရေးဆွဲထားဖို့ အစ္စရေးစစ်တပ်ကို နေတန်ယာဟုက ညွှန်ကြားခဲ့ပေမဲ့ အမေရိကန်သမ္မတ ထရမ့်ပ် ကိုယ်တိုင် ကန့်ကွက်ထားတာ ဖြစ်ပါတယ်။
အလားတူ ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကတော့ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး “အီရန်သာ အစ္စရေးကို တိုက်ခိုက်လာခဲ့မယ်ဆိုရင်၊ သူတို့ပဲ မီးလောင်ပြာကျသွားမယ်” လို့ သတိပေးထားပါတယ်။
အဲဒီနောက် “အီရန်အစိုးရဟာ အင်အားအချည့်နဲ့ဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဒီလိုမျိုး အားနည်းနေတာကြောင့်ပဲ အဆိုးရွားဆုံးလုပ်ရပ်တွေ ဖော်ဆောင်လာနိုင်တယ် ဆိုတာကို သဘောပေါက်ထားတယ်” လို့လည်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆက်ပြောသွားပါတယ်။
New York Times သတင်းစာနဲ့ ဆီအန်နာတက္ကသိုလ်တို့ ပူးတွဲကောက်ယူခဲ့တဲ့ နောက်ဆုံးစစ်တမ်းအရ ဆိုရင်တော့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ မဲပေးနိုင်ခြေရှိတဲ့သူ ၃၆ ရာခိုင်နှုန်းကသာ သမ္မတ ထရမ့်ပ်ရဲ့ စွမ်းဆောင်ရည်ကို ထောက်ခံခဲ့တာ တွေ့ရပြီး ၅၉ ရာခိုင်နှုန်း အနေနဲ့ မထောက်ခံကြောင်း ဖြေဆိုထားပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ရွေးကောက်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်လည်စတင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေကြောင်း သိရပါတယ်။











