DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက ဒေါ်လာ ၁၀၉ သန်းကျော်တန်ဖိုးရှိ လေယာဉ်ဆီများ လိမ်လည်တင်သွင်း
DVB
·
October 26, 2026
စစ်အုပ်စုက ဒေါ်လာ ၁၀၉ သန်းကျော်တန်ဖိုးရှိ လေယာဉ်ဆီများ လိမ်လည်တင်သွင်း
Donate to DVB

လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးစေတဲ့ လေယာဉ်ဆီတွေကို မြန်မာနိုင်ငံကို တင်သွင်းနေတဲ့အပေါ်ဖုံးကွယ်ဖို့ မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ ဆက်နွှယ်ကုမ္ပဏီတွေဟာ ဒီဇယ်ဆီအဖြစ် ရည်ရွယ်ချက် ရှိရှိ ပုံမှားရိုက် ဖော်ပြတာ၊ ကုန်ပစ္စည်းအမျိုးအစား လွဲမှား သတ်မှတ်တာတွေအပြင် ကြားခံကုမ္ပဏီတွေ အသုံးပြုတာတွေလုပ်ခဲ့တယ်လို့ Justice For Myanmar (JFM) က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာရှင် အစိုးရလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပေါက်ကြားလာတဲ့ အချက်အလက်တွေကို အခြေခံပြီး JFM က ဖော်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စုစုပေါင်း ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းရှိ လေယာဉ်ဆီ စည်ပေါင်း ၈၄၃,၀၀၀ ကျော်ကို အဆင့်မြင့်ဒီဇယ် (High-Speed Diesel - HSD) အဖြစ် အမည်လွှဲပြောင်းဖော်ပြပြီး ၆ ကြိမ်ခွဲကာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ဆီနဲ့ ဒီဇယ်ဆီ ၂ မျိုးစလုံးဟာ အကောက်ခွန် ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း တူညီတာကြောင့် ဒါဟာ အခွန်သက်သာဖို့ ရည်ရွယ်တာ မဟုတ်ဘဲ နိုင်ငံတကာ ဘဏ်တွေ၊ စောင့်ကြည့်စစ်ဆေးသူတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ JFM က သုံးသပ်ပါတယ်။

တင်သွင်းတဲ့ စာချုပ်တွေမှာ ဒီဇယ်ဆီလို့ ဆိုပေမဲ့လည်း ဒီဇယ်ဆီ ပေါက်ဈေးထက် ပျမ်းမျှ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားတဲ့ ဈေးနှုန်းဖြစ်တဲ့ တစည်ကို ၁၂၉ ဒသမ ၅၀ ကနေ ၁၃၀ ဒေါ်လာအထိ သတ်မှတ်ထားပြီး လောင်စာဆီ သိပ်သည်းဆ (fuel density) မှာလည်း ဒီဇယ်ဆီမှာရှိသင့်တဲ့ သိပ်သည်းဆပမာဏအောက် လျော့နည်းကာ လေယာဉ်ဆီ စံချိန်စံညွှန်းအတွင်း ကျရောက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်တဲ့ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (FESC) ဟာ အမှန်တကယ် ဝယ်ယူတဲ့ စစ်တပ်ထိန်းချုပ် NEPAS (National Energy Prime Aviation Services) အစား Dynamic Wave အမည်ခံ ကြားခံကုမ္ပဏီကို သုံးစွဲဖို့နဲ့ လေယာဉ်ဆီအစား ဒီဇယ်အမည်နဲ့ သွင်းကုန်လိုင်စင် ထုတ်ပေးဖို့ လျှို့ဝှက်ဆုံးဖြတ်ချက်တွေနဲ့ တိုက်ရိုက် ခွင့်ပြုပေးခဲ့တာလို့လည်း JFM က ထုတ်ဖော်ခဲ့ပါတယ်။

ဒီကုန်သွယ်မှု လိမ်လည်မှုမှာ မြန်မာနိုင်ငံက Asia Sun (Myan Oil/Shoon) အုပ်စုဝင် ကုမ္ပဏီတွေအပြင် ထိုင်းနိုင်ငံအခြေစိုက် Tawan-Oil Trading (ကုမ္ပဏီ စာရင်းရှင်းဖျက်သိမ်းဆဲ အခြေအနေဖြစ်သော်လည်း ဆက်လက်ရောင်းချခဲ့) နဲ့ အာရပ်စော်ဘွားပြည်ထောင်စု (UAE) အခြေစိုက် NEC Trading LLC တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သွင်းကုန်မှတ်တမ်းတွေအရ စင်ကာပူနဲ့ တောင်အာဖရိကနိုင်ငံတွေက ထွက်ခွာလာတယ်လို့ စာရင်းပြထားတဲ့ လောင်စာဆီတွေအတွက် မြန်မာ၊ ထိုင်းနဲ့ ယူအေအီးတို့က စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်း ကွန်ရက်တခု ရှိနေတယ်လို့ ဖော်ထုတ်တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေယာဉ်ဆီ တင်သွင်းမှုဟာ ၂၀၂၄ မှ ၂၀၂၅ ခုနှစ်အတွင်း မက်ထရစ်တန် ၆၄,၅၆၂ တန်မှ ၁၄၀,၃၀၆ တန်အထိ ၂ ဆကျော် မြင့်တက်လာခဲ့တာပါ။

၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၆၈ ယောက်နဲ့ ကလေးငယ် ၂၃၂ ယောက် အပါအဝင် အနည်းဆုံး အရပ်သား ၉၈၂ ယောက် သေဆုံးခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာလည်း ရခိုင်ပြည်နယ် မြောက်ဦး ပြည်သူ့ဆေးရုံကြီး တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၃၃ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒါ့ကြောင့် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့အနေနဲ့ စစ်အုပ်စုအပြင် စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့မှုကွန်ရက် တခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှု အလုံးစုံ ပိတ်ပင်ရေး ချမှတ်ပေးဖို့ကို JFM က တောင်းဆိုထားပါတယ်။ 

ဒါ့အပြင် ထိုင်း၊ စင်ကာပူနဲ့ ယူအေအီး အာဏာပိုင်တွေအနေနဲ့လည်း မိမိတို့ နိုင်ငံတွင်းက ကုမ္ပဏီတွေနဲ့ ဘဏ်တွေ ပါဝင်ပတ်သက်မှုကို အရေးပေါ် စုံစမ်းစစ်ဆေးပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013