
တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ စက်ကိရိယာ အကူအညီတွေနဲ့ လေယာဉ်ဆီ ထုတ်လုပ်နိုင်ရေး စီစဉ်နေတဲ့ သန်လျင်ရေနံချက်စက်ရုံ အပိုင်း (၁) ကို အောက်တိုဘာ ၁၄ ရက်မှာ ဖွင့်လှစ်လိုက်တယ်လို့ စစ်အုပ်စု သတင်းစာတွေမှာ ဖော်ပြထားပြီး အဲဒီဖွင့်ပွဲကို စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
DVB က လေ့လာထားတဲ့ မှတ်တမ်းတွေအရ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် လေယာဉ်ဆီ ပြတ်လပ်တာကို ရှောင်ရှားဖို့ စစ်အုပ်စုက အခုလို ပြင်ဆင်လာတာဖြစ်ပြီး၊ Jet A-1 လေယာဉ်ဆီ စတင်ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အဲဒီစက်ရုံဟာ ပထမအဆင့်မှာ တနှစ်ကို လေယာဉ်ဆီတန်ချိန် ၁ သိန်းခွဲ ထုတ်လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပြီး အဆင့်နှစ်ခုစလုံး ပြီးရင်တော့ တနှစ်ကို တန်ချိန် ၂ သိန်းခွဲနီးပါး ထုတ်နိုင်မယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ အရပ်သားပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက်များနှင့် အခြေခံအဆောက်အဦ မှန်သမျှသည် စစ်ရေးပစ်မှတ်များ ဖြစ်ကြောင်း DVB ကို ပြောပါတယ်။











