DVB Logo
Home
Lead Story
အမေရိကန် ပိတ်ဆို့မှုကို ရှောင်ဖို့ မြန်မာက အီရန်လေယာဉ်ဆီတွေကို ဘယ်လိုခိုးကြောင်ခိုးဝှက် တင်သွင်းခဲ့သလဲ
DVB
·
November 8, 2026
အမေရိကန် ပိတ်ဆို့မှုကို ရှောင်ဖို့ မြန်မာက အီရန်လေယာဉ်ဆီတွေကို ဘယ်လိုခိုးကြောင်ခိုးဝှက် တင်သွင်းခဲ့သလဲ
Donate to DVB

မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ စွမ်းအင်ကွန်ရက်ဟာ အီရန်ကနေ လေယာဉ်ဆီတွေ တင်သွင်းတာကို တောင်အာဖရိက ကနေ ဒီဇယ်ဆီ ဝယ်သယောင် ဖုံးကွယ်ခဲ့ပါတယ်။ ဒေါ်လာသန်းချီတန်တဲ့ ဒီအရောင်းအဝယ်တွေကို လိမ်လည်ထားတဲ့ ကုန်သွယ်ရေး စာရွက်စာတမ်းတွေနဲ့ မှားယွင်းတဲ့ သင်္ဘောမှတ်တမ်းတွေသုံးပြီး ဖုံးကွယ်ခဲ့တာပါ။ ဒါကြောင့် စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုကို အမေရိကန်က ပိတ်ဆို့ထားတဲ့ကြားကနေ၊ ဒီလေယာဉ်ဆီတွေဟာ မြန်မာနိုင်ငံထဲကို ဆက်ပြီး ဝင်ရောက်နိုင်ခဲ့ပါတယ်။

သူတို့ ဘယ်လို လှည့်စားခဲ့သလဲ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ Reef လို့ခေါ်တဲ့ ဆီတင်သင်္ဘောကြီးဟာ အီရန်လေယာဉ်ဆီ စည်ပိုင်း ၁၁၃,၀၀၀ လောက်ကို တင်ဆောင်ပြီး မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်းတွေမှာတော့ တောင်အာဖရိကက ဒီဇယ်ဆီတွေလို့ လိမ်လည် ရေးသားထားပါတယ်။ မြန်မာနိုင်ငံအခြေစိုက် စွမ်းအင်ပွဲစားကုမ္ပဏီ ဒိုင်းနမစ်ဝေ့ဗ်နဲ့ ထိုင်းနိုင်ငံက Tawan-Oil Trading ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ ဒေါ်လာ ၁၅ ဒသမ ၈ သန်းတန် စာချုပ်မှာလည်း ဒီဇယ်ဆီဝယ်ယူသယောင် ဖန်တီးထားပါတယ်။ တကယ်တော့ ကုလသမဂ္ဂနဲ့ သင်္ဘောအချက်အလက် ပံ့ပိုးပေးတဲ့ Vortexa ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနဲ့ တောင်အာဖရိကကြားမှာ ဒီဇယ်ဆီ အရောင်းအဝယ် လုပ်ခဲ့တဲ့ မှတ်တမ်း လုံးဝမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံက နိုင်ငံခြားငွေကြေးထိန်းချုပ်တဲ့ အာဏာပိုင်အဖွဲ့ကလည်း ဒီကိစ္စကို ကူညီပေးခဲ့ပုံ ရပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထွက်လာတဲ့ စာတစောင်အရ၊ ဒီဆီတွေကို လေယာဉ်ဆီအစား ဒီဇယ်ဆီအဖြစ် တင်သွင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒိုင်းနမစ်ဝေ့ဗ်နဲ့ သူ့ရဲ့ဖောက်သည် အမျိုးသားစွမ်းအင် လေကြောင်းဝန်ဆောင်မှု ကုမ္ပဏီတို့ကနေ Tawan ကုမ္ပဏီဆီ ငွေလွှဲပေးချေတာကိုလည်း အဲဒီစာမှာ ခွင့်ပြုပေးထားပါတယ်။

SynMax Intelligence အဖွဲ့ရဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ သင်္ဘောခရီးစဉ် လေ့လာချက်တွေအရ၊ ဒီသင်္ဘောဟာ အီရန်နိုင်ငံ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းကနေ အရှေ့တောင်အာရှကို ထွက်ခွာလာတာဖြစ်ကြောင်း ခြေရာခံမိခဲ့ပါတယ်။ ဒါကြောင့် ဒီဆီတွေဟာ အီရန်က လာတာ သေချာသွားပါတယ်။

ဒီလေယာဉ်ဆီတွေက ဘာလို့ အရေးပါနေတာလဲ

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ စစ်တပ်က အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့်၊ အမေရိကန်က ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီ လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။ အီရန်ဆီက ရေနံနဲ့ ဆီတွေ ဝယ်ယူတာကလည်း ဝယ်သူတွေကို အမေရိကန်ရဲ့ ပိတ်ဆို့မှုအောက် ရောက်သွားစေနိုင်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေမှာ အကြမ်းဖက်မှုတွေနဲ့ အသက်အန္တရာယ်ရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အများကြီး ပါဝင်နေပါတယ်။ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဩဂုတ်လမှာ အစီရင်ခံထားပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ၊ အီရန်ဟာ မြန်မာနိုင်ငံအတွက် အဓိက လေယာဉ်ဆီတင်သွင်းပေးတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဆီတွေကို Reef နဲ့ Noble ဆီတင်သင်္ဘောတွေနဲ့ အဓိက သယ်ဆောင်လာတာပါ။ ဒီလို ဆီတွေ ဆက်တိုက်ဝင်နေတာကြောင့် မြန်မာနိုင်ငံအတွက် စီးပွားဖြစ် လေကြောင်းလိုင်းတွေနဲ့ စစ်တပ်ရဲ့ လေကြောင်း စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ဆီတွေ ရနေပါတယ်။ တချိန်တည်းမှာပဲ အီရန်အစိုးရ အတွက်လည်း နိုင်ငံခြားငွေတွေ ရရှိစေပါတယ်။

ပုံစံမျိုးစုံနဲ့ ဖုံးကွယ် တင်သွင်းမှုများ

ဒီဇင်ဘာလက ဆီတင်သွင်းမှုဟာ တကြိမ်တည်း ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် မေလမှာလည်း ဒိုင်းနမစ်ဝေ့ဗ်ဟာ Tawan ဆီကနေ တောင်အာဖရိက ဒီဇယ်ဆီဆိုပြီး စည်ပိုင်း ၂၀၂,၀၀၀ လောက်ကို ဒေါ်လာ ၂၆ သန်းနဲ့ ဝယ်ဖို့ သဘောတူခဲ့ပါသေးတယ်။

ဒါပေမဲ့ ပြေစာထဲက ဆီရဲ့ အချက်အလက်တွေဟာ ဒီဇယ်ဆီထက် လေယာဉ်ဆီနဲ့ ပိုတူနေတယ်လို့ ဝါရှင်တန်ပြည်နယ်တက္ကသိုလ်က လေယာဉ်ဆီ ကျွမ်းကျင်သူဂျော့ရှုဝါဟိုင်းနဲ့ ပလက်စ် ဒေတာတွေက ဆိုပါတယ်။ သတ်မှတ်ထားတဲ့ ဈေးနှုန်းကလည်း ကမ္ဘာ့ဒီဇယ်ဆီ ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်းလောက် ပိုများနေပါတယ်။

သင်္ဘောမှတ်တမ်းတွေအရ နိုဘယ်လ်သင်္ဘောဟာ ဇွန်လမှာ လေယာဉ်ဆီ စည်ပိုင်း ၂ သိန်းနီးပါး တင်ဆောင်ပြီး ရန်ကုန်ကို ဆိုက်ရောက်လာပါတယ်။ အဲဒီဆီတွေက ဒိုင်းနမစ်ဝေ့ဗ်အတွက်ပါ။ SynMax ရဲ့ ဂြိုဟ်တု လေ့လာချက်အရ၊ အဲဒီသင်္ဘောဟာ ဘန်ဒါအဘတ်စ်မှာ ဆီဖြည့်ခဲ့တာပါ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကို သွားနေသယောင် တည်နေရာ အချက်အလက်တွေကို လိမ်လည် ထုတ်လွှင့်ခဲ့ပါတယ်။

ဒီအရောင်းအဝယ်တွေကို ကြည့်ရင်၊ ဒီကွန်ရက်ဟာ ဆီရဲ့ မူလရင်းမြစ်နဲ့ သွားမဲ့နေရာကို ဖုံးကွယ်ဖို့ နည်းလမ်းမျိုးစုံ သုံးခဲ့တာ ထင်ရှားပါတယ်။ လိမ်လည်ထားတဲ့ စာချုပ်တွေ၊ လွဲမှားနေတဲ့ သွင်းကုန်စာရွက်စာတမ်းတွေနဲ့ လှည့်စားထားတဲ့ သင်္ဘောတည်နေရာ အချက်အလက်တွေကို သုံးခဲ့တာပါ။

ထိုင်းဘဏ်များရဲ့ အခန်းကဏ္ဍ

ငွေပေးချေမှုတွေကိုတော့ ထိုင်းနိုင်ငံရဲ့ သက်တမ်းအကြာဆုံး ဘဏ်ဖြစ်တဲ့ ဆိုင်ယမ်ကူးသန်းရောင်းဝယ်ရေးဘဏ် (SCB) မှာရှိတဲ့ Tawan ရဲ့ ငွေစာရင်းကနေတဆင့် လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာမှာ Tawan ကုမ္ပဏီကို မြန်မာစစ်တပ်အတွက်လေယာဉ်ဆီ ထောက်ပံ့သူအဖြစ် ဖော်ပြထားပါတယ်။ SCB ဘဏ်ကိုလည်း စစ်တပ်အတွက် ပစ္စည်းဝယ်ယူရာမှာ အဓိက ကြားခံအဖြစ် ကူညီပေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

SCB ဘဏ်ကတော့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေကို သူတို့ လိုက်နာကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ငွေပေးချေမှုတွေဟာ တရားဝင်ဖြစ်ပြီး လက်နက်အရောင်းအဝယ်နဲ့ မသက်ဆိုင်ကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။ Tawanရဲ့ တကယ့်လုပ်ငန်း သဘာဝကို ဘဏ်က သိမသိ ဆိုတာကိုတော့ ရိုက်တာသတင်းဌာနအနေနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။

ပိတ်ဆို့အရေးယူမှုတွေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စည်းမျဉ်းတွေကို လိုက်နာဖို့အတွက် ထိုင်းအာဏာပိုင်တွေက ၂၀၂၄ ခုနှစ်မှာ ဘဏ်တွေကို မြန်မာနဲ့ပတ်သက်တဲ့ ငွေလွှဲမှုတွေကို ပိုပြီး စိစစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာရဲ့ မေးမြန်းမှုကိုတော့ SCB ဘဏ်၊ Tawan ကုမ္ပဏီနဲ့ ထိုင်းဗဟိုဘဏ်တို့က ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေအတွက် ဘာအဓိပ္ပာယ်သက်ရောက်လဲ

ဒီဖြစ်ရပ်က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ဘယ်လောက်အထိ ထိရောက်မှုရှိသလဲ၊ ဘယ်လို အားနည်းချက်တွေ ရှိနေသလဲ ဆိုတာကို ပြသနေပါတယ်။ အီရန်လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ် ဖုံးကွယ်ခဲ့ရတာကို ကြည့်ရင်၊ ပိတ်ဆို့မှုတွေကြောင့် ဒီလို အရောင်းအဝယ်လုပ်ဖို့ အန္တရာယ် ပိုများလာတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ အီရန်ဆီတွေ ဆက်ပြီး ဝင်နေတာကလည်း ဒီကန့်သတ်ချက်တွေဟာ ကုန်သွယ်မှုကို အပြည့်အဝ မတားဆီးနိုင်သေးဘူး ဆိုတာကို ပြသနေပါတယ်။

နိုင်ငံဖြတ်ကျော်ပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်တဲ့အခါ ကြားခံပွဲစားတွေ၊ သွင်းကုန်စာရွက်စာတမ်းတွေနဲ့ ဘဏ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးပါသလဲ ဆိုတာကိုလည်း ဒီဖြစ်ရပ်က မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အစိုးရတရပ်က တိုက်ရိုက်ဝယ်ယူမှုကို ပိတ်ပင်လိုက်ရင်တောင်မှ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ လိမ်လည်ထားတဲ့ သင်္ဘောမှတ်တမ်းတွေကြောင့် ပိတ်ပင်ထားတဲ့ ပစ္စည်းတွေ ဘယ်ကလာပြီး ဘယ်သူတွေ သုံးနေလဲဆိုတာကို သိဖို့ ခက်ခဲသွားစေပါတယ်။

မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ အီရန်က ဆီရောင်းချသူတွေဟာ ဒီလို ကန့်သတ်ချက်တွေ ကြားကနေပဲ ဆက်ပြီး လည်ပတ်နေကြပါတယ်။ ၂၀၂၆ ခုနှစ်မှာတောင် အီရန်ကနေ မြန်မာနိုင်ငံကို လေယာဉ်ဆီတွေ တင်ပို့နေတုန်းပဲလို့ အောက်တိုဘာလက ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်က ပိတ်ဆို့အရေးယူမှုတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုကြီး တခုကို မီးမောင်းထိုးပြနေပါတယ်။ အရေးပါတဲ့ ကုန်ပစ္စည်းတွေ မရအောင် ကန့်သတ်ချင်ရင်ရောင်းသူနဲ့ ဝယ်သူကို ပစ်မှတ်ထားရုံနဲ့ မရပါဘူး။ သူတို့ရဲ့ အရောင်းအဝယ်တွေကို ဖုံးကွယ်ဖို့ သုံးနေတဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး လမ်းကြောင်းတွေကိုပါ ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။

ဆာနာခန်း

Ref: Modern Diplomacy

(ဥရောပအခြေစိုက် လွတ်လပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ Modern Diplomacy ဝက်ဘ်ဆိုက်တွင် သတင်းအယ်ဒီတာ Sana Khan ရေးသားထားသည့် “How Did Myanmar Hide Iranian Jet Fuel Imports to Evade US Sanctions?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013