
အီရန်စစ်ပွဲစတင်တာနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အဓိပတိခေါင်းဆောင်ကြီး အာယာတိုလာ အလီခါမေနီရဲ့ ဈာပနဟာ ဇူလိုင် ၉ ရက်က နိုင်ငံရဲ့ အမြင့်မြတ်ဆုံး ဂူဗိမာန်မှာ အဆုံးသတ်ခဲ့ပါတယ်။
“အစ္စလာမ္မစ် တော်လှန်ရေး အာဇာနည်ခေါင်းဆောင်ကြီးရဲ့ ရုပ်အလောင်းကို အီမမ်-ရီဇာ ဗိမာန်မှာ ရှိတဲ့ အောက်မေ့ဖွယ်ခန်းမထဲ မြှုပ်နှံခဲ့ပါတယ်” ဆိုပြီး IRIB နိုင်ငံပိုင်ရုပ်သံဌာနက ကြေညာ သွားပါတယ်။
၆ ရက်ကြာ ဈာပနအခမ်းအနား ကျင်းပပြီးတဲ့နောက် ခါမေနီရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ အရှေ့မြောက်ပိုင်းမြို့ မက်ရှ်ဟတ်မှာ အခုလိုမျိုး ပြီးဆုံးသွားခဲ့တာပါ။
လက်ရှိအချိန်အထိ ခါမေနီရဲ့ သားတယောက်ဖြစ်သလို အရိုက်အရာဆက်ခံသူလည်း ဖြစ်တဲ့ မို့ဂျ်တာဘာ ခါမေနီကို မတွေ့ရသေးသလို အမေရိကန်နဲ့ အီရန်ကြားက တကျော့ပြန် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်လို့နေပါတယ်။
အမေရိကန်ဘက်က အီရန်ရဲ့ စစ်ရေးပစ်မှတ်ပေါင်း ၉၀ ကို တိုက်ခိုက်ခဲ့ရာမှာ ဟော်မုဇ် ရေလက်ကြားနဲ့ ဘွတ်ရှာ နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ထိမှန်ခဲ့ကြောင်း သိရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ နောက်ဆုံးတိုက်ခိုက်မှုတွေဟာ “ကြီးလေးတဲ့ စစ်ရာဇဝတ်မှု” ဖြစ်တဲ့အပြင် ထရမ့်ပ် အစိုးရကိုပါ “ဆိုးယုတ်ပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန် နေတယ်” လို့ ဝေဖန်သွားပါတယ်။
ဒါ့အပြင် တီဟီရန် ကနေ မက်ရှ်ဟတ်မြို့ကို ဆက်သွယ်ထားတဲ့ ရထားလမ်းနဲ့ တံတားတွေပါ ပျက်စီးခဲ့တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အီရန်ဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ဂျော်ဒန်နဲ့ အီရတ်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အီရန် ကျန်းမာရေးဝန်ကြီးဌာနကတော့ တိုက်ခိုက်မှုဖြစ်ပွားတဲ့ ၂ ရက်တာအတွင်း ပြည်နယ် ၅ ခုမှာ လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ၇၈ ယောက်ကို ဒဏ်ရာရရှိစေခဲ့တယ်လို့ အတည်ပြုပါတယ်။
လောလောဆယ် အီရန်နဲ့ အမေရိကန်တို့ ရရှိထားတဲ့ အချက် ၁၄ ချက်ပါ သဘောတူညီချက်အရ ရက် ၆၀ ကြာ အပစ်ရပ်ကာလအတွင်း စစ်ပွဲအဆုံးသတ်နိုင်အောင် ညှိနှိုင်းဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။
အဲဒီ အပစ်ရပ်ကာလ မကုန်ဆုံးသေးပေမဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ နောက်လာမဲ့ ဆွေးနွေးပွဲတွေကို “အချိန်ဖြုန်းရာရောက်တယ်” ဆိုပြီး မှတ်ချက်ပေးထားပါတယ်။
Source: Reuters










