
ဇူလိုင် ၅ ရက်က ကျင်းပခဲ့တဲ့ ကွယ်လွန်သူ အီရန်အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီရဲ့ ဈာပနမှာ သားဖြစ်သူ လက်ရှိခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီ တက်ရောက်ခဲ့တာ မတွေ့ရပါဘူး။
အလီခါမေနီဟာ ၁၉၈၉ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ အီရန်နိုင်ငံရဲ့ အကြီးအမှူးဖြစ်ခဲ့သူပါ။
မို့ဂျ်တာဘာဟာ ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာကတည်းက အကြီးအကျယ် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို၊ အစ္စရေးက ထပ်မံလုပ်ကြံမှာ စိုးရိမ်နေရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အလီခါမေနီရဲ့ တခြားသား ၃ ယောက် ဖြစ်တဲ့ မာဆွတ်၊ မူစတာဖာနဲ့ မေဆမ်တို့အပြင် အီရန်သမ္မတ မာဆွတ်ပဇက်ရှ်ခီယန်နဲ့ တော်လှန်ရေးအစောင့်တပ်အကြီးအကဲ အာမက်ဗာဟီဒီတို့ကတော့ တီဟီရန်မြို့မှာလုပ်တဲ့ ဒီဈာပနကို တက်ရောက်ခဲ့ကြပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင်တွေ အများကြီးတက်မှာဖြစ်လို့ တချက်ပစ်လိုက်ရုံနဲ့ အကုန်ရှင်းလို့ရပေမဲ့၊ ဆွေးနွေးစရာလူ မရှိမှာစိုးလို့ မလုပ်တာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
ပြည်သူတွေက ခါမေနီကို မုန်းတီးကြတယ်လို့ ထင်ခဲ့မိကြောင်းနဲ့ သူတို့ ငိုကြွေးနေတာဟာ “မျက်ရည်တုတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့” လို့ ထရမ့်ပ်က ဆက်ပြောပါတယ်။
ထရမ့်ပ်ရဲ့ ဒီမှတ်ချက်အပေါ် ဈာပနတက်ရောက်လာတဲ့ အီရန်ပြည်သူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။ လူအုပ်ကြီးက ထရမ့်ပ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ကို သတ်ဖို့နဲ့ လက်စားချေဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။
အမေရိကန်သမ္မတကို လက်စားချေမယ်လို့ ဘာသာရေးကဗျာဆရာ မိုဟာမက်ရာဆိုလီက ကြုံးဝါးခဲ့အပြီးမှာ ခေါင်းဆောင်ကြီး ခါမေနီ ဈာပနတက်ရောက်လာသူတွေက “အမေရိက ကျဆုံးပါစေ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ရာစုနှစ်ရဲ့ ဈာပနလို့ တင်စားထားတဲ့ ဒီအခမ်းအနားကို အီရန်နိုင်ငံတဝန်းက လူ ၁၂ သန်းကနေ သန်း ၂၀ အထိ လာရောက်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
အလီခါမေနီရဲ့ ရုပ်အလောင်းကို ဇူလိုင် ၆ ရက် တီဟီရန်မြို့ကနေ စတင်သယ်ဆောင်မှာဖြစ်ပြီး၊ ဇူလိုင် ၉ ရက်မှာတော့ မွေးရပ်မြေ မက်ရှ်ဟတ်မြို့မှာ မြှုပ်နှံသွားမှာ ဖြစ်ပါတယ်။










