
နိုင်ငံအနှံ့အပြားမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး နေ့စဉ်လိုလို ပြည်သူလူထုတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီခေတ်ရောက်နေပြီလို့ ပြောဆိုလိုက်ပါတယ်။
သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်အခြေစိုက် CMG မီဒီယာနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က “ငြိမ်းချမ်းတဲ့ ဒီမိုကရေစီခေတ် ရောက်နေပြီဆိုတော့ အားလုံးကတော့ ညှိနှိုင်းဆွေးနွေးပြီး သွားရမှာပေါ့။ သို့သော်လည်းပဲ လိုအပ်ရင်တော့လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရမှာပေါ့။ မြန်မာနိုင်ငံမှာလည်း လုပ်သင့်လုပ်ထိုင်တာတွေ လုပ်ဖို့ ရည်ရွယ်ထားပါတယ်’’ လို့ ပြောပါတယ်။
ငြိမ်းချမ်းတဲ့ ဒီမိုကရေစီခေတ် ရောက်နေပြီလို့ စစ်အာဏာရှင်က ပြောနေပေမဲ့ လက်တွေ့မြေပြင်မှာတော့ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေဆဲဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိသလို နှင်းဆီပန်းပန်တဲ့သူတွေကိုတောင် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး၊ ရွာမီးရှို့ လေကြောင်းကနေ ဗုံးကြဲတာတွေ၊ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးတာ၊ လူငယ်တွေကို ရှေ့တန်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်မှုထမ်းခိုင်းနေတာကို နေ့စဉ်ပြုလုပ်နေပါတယ်။
စစ်အာဏာရှင်ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေရှိမှာ ဖြစ်သလို လိုအပ်ရင်တော့ လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေရှိမယ်လို့ တရုတ်မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို လက်ရှိအချိန်မှာရော အနာဂတ်မှာပါ အမြဲတမ်းထောက်ခံသွားမယ်လို့ လည်းဆိုပါတယ်။
တရုတ်-မြန်မာ ၂ နိုင်ငံအကြား သွေးသားတော်စပ်သကဲ့သို့ အင်မတန် ရင်းနှီးယုံကြည်ရတဲ့ “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ခိုင်မာအောင် ဆက်လက်တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့ ဒီခရီးစဉ်မှာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ချီးကျူးခဲ့ပြီး ကဏ္ဍပေါင်းစုံမှာ တရုတ်နိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဖို့ ဒီခရီးစဉ်ကို ရည်ရွယ်ပြီး လာခဲ့တာလို့လည်း ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန် ၁၈ ရက်ကနေ ၅ ရက်တာသွားရောက်ခဲ့တာ ဖြစ်ပါတယ်။










