
ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ဂျီ-ဆဲဗင်း (G7) ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာ့ခေါင်းဆောင်တွေရှေ့မှာ “ဘော့စ်က ငါကွ” (I'm the boss) လို့ နောက်ပြောင်ပြောခဲ့ပါတယ်။
ဇွန် ၁၇ ရက်က ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့နဲ့ ယူကရိန်းကို ညီညီညွတ်ညွတ် ပံ့ပိုးသွားဖို့ ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။
ယူကရိန်းရဲ့ စစ်ရေးအောင်မြင်မှုတွေကြောင့် ထရမ့်ပ်ဘက်က သဘောထားပြောင်းလဲလာပြီး ရုရှားကို ကျူးကျော်သူအဖြစ် သတ်မှတ်ပြောဆိုတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဥရောပခေါင်းဆောင်တွေက ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ အီရန်ကြားက ကနဦး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဂျီ-ဆဲဗင်း ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီစာချုပ်ဟာ အပြီးသတ်မဟုတ်သေးကြောင်း ထရမ့်ပ်က အလေးထားပြောခဲ့ပါတယ်။ “ကျုပ် သဘောမကျဘူး၊ သူတို့ အခြေအနေမှန်မှန် မနေဘူးဆိုရင် သူတို့ခေါင်းတည့်တည့်ကို ဗုံးတွေ ပြန်ကြဲမယ်၊ ဟုတ်ပြီလား” လို့ ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
သီးခြားဆွေးနွေးမှု အနေနဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်တွေ ရယူရာမှာ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့လည်း ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။
နေ့လယ်စာစားချိန်မှာတော့ နည်းပညာကုမ္ပဏီ အကြီးအကဲတွေနဲ့အတူ ဉာဏ်ရည်တု (AI) နည်းပညာအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။










