
ဒီဇယ်နဲ့ ရေနံစိမ်းစည်သန်း ၁၀၀ ထုတ်သုံးမှာ ဖြစ်ကြောင်း G7 နိုင်ငံတွေက သဘောတူခဲ့ပြီးနောက် ဆီဈေးနှုန်းတွေ ကျဆင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ဥရောပကို ဒီဇယ်တင်ပို့မှု ပိတ်ပင်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။
G7 နိုင်ငံတွေက အရေးပေါ်အသုံးပြုဖို့ ထိန်းသိမ်းထားတဲ့ ဒီဇယ်နဲ့ ရေနံစိမ်းတွေကို ထုတ်သုံးဖို့ သဘောတူခဲ့ပြီးနောက် ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။
ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုထွက်ပေါ်ခဲ့ပြီးနောက် G7 နိုင်ငံတွေက ရေနံနဲ့ ဒီဇယ်စည်ပေါင်း သန်း ၁၀၀ ကို ထုတ်အသုံးပြုဖို့ သဘောတူညီမှုရခဲ့တာပါ။
ထရမ့်ပ်က လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ အမေရိကန်နိုင်ငံသားတွေအတွက် လောင်စာဆီ ဈေးသက်သာစေဖို့ ဥရောပကို ဒီဇယ်တင်ပို့မှု ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ပူးတွဲကြေညာချက်အရ G7 က စွမ်းအင်နဲ့ စွမ်းအင်ထုတ်ပစ္စည်းတွေအပေါ် ပို့ကုန်ကန့်သတ်ချက်ကို အချင်းချင်းရှောင်ဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။
G7 ဟာ ၄ လအတွင်း ဒီဇယ်ဆီ သန်း ၁၀၀ ကို ထုတ်ပေးသွားမှာဖြစ်ပြီး နိုင်ငံတကာစွမ်းအင် အေဂျင်စီ (IEA) ရဲ့ ပူးပေါင်းမှုအောက်ကနေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
G7 က လောင်စာဆီ ထုတ်သုံးဖို့ သဘောတူပြီးနောက် ဘရန့်ရေနံစိမ်းဈေးနှုန်း ဒေါ်လာ ၁၀၀ အောက်ကို ကျဆင်းခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
ရေနံစိမ်းဈေးနှုန်းဟာ အီရန်စစ်ပွဲမစမီက ၁ စည်ကို ၇၃ ဒေါ်လာ ဝန်းကျင်သာရှိခဲ့ရာကနေ ဒေါ်လာ ၁၀၀ ကျော်အထိ တက်လာတာဖြစ်ပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်တို့ ပါဝင်ပြီး အဲ့ဒီအစည်းအဝေးကို အီးယူကလည်း တက်ရောက်ခဲ့ပါတယ်။
“ဥရောပဟာ ဒီဇယ်တွေကို ဈေးကွက်မှာ အမြောက်အမြား ထုတ်သုံးမယ်လို့ သဘောတူထား ပါတယ်။ လုပ်ငန်းစဉ်တွေလည်း ချက်ချင်းစ တင်မှာပါ” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ရေးသား ထားပါတယ်။
ဈေးနှုန်းတွေ တက်လာချိန်မှာ အမေရိကန်က လယ်သမားတွေ၊ ကုန်ကားသမားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်သင့်ဘူးလို့ ထရမ့်ပ်ရဲ့ ဘဏ္ဍာရေးဝန်ကြီး စကောဘတ်ဆန် က ပြောပါတယ်။
ဒီဇယ်ဟာ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အရေးပါတဲ့ လောင်စာဖြစ်ပြီး ဈေးမြင့်တက်မှုက အစားအသောက်လိုမျိုး မရှိမဖြစ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကိုပါ ထိခိုက်မှုရှိလာပါတယ်။
Source:Reuters










