
စစ်အာဏာရှင်အစိုးရက စက်သုံးဆီ တင်သွင်းမှုအတွက် ကောက်ယူတဲ့ အခွင့်ကင်းလွတ်ခွင့် ကာလကို ထပ်တိုးလိုက်ပေမဲ့ ဈေးကွက်ထဲမှာတော့ စက်သုံးဆီဈေးနှုန်းတွေက ထပ်ပြီး မြင့်တက်နေသလို ပြည်သူတွေ ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့နေပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇယ်ဆီ HSD တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အခွန်တွေကို ပြီးခဲ့တဲ့ ဧပြီလထဲက ကင်းလွတ်ခွင့်ပေးထားပြီး အဲဒီ အခွန်ကင်းလွတ်ခွင့်ကာလကို နိုဝင်ဘာလကုန်အထိ ထပ်မံတိုးမြှင့် ခွင့်ပြုပေးထားတယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ နိုဝင်ဘာ ၅ ရက်မှာ ထပ်မံကြေညာပါတယ်။
ဒီဇယ်ဆီနဲ့ စက်သုံးဆီ တင်သွင်းမှုတွေမှာ ပေးရတဲ့ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကို အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်ချိန်မှာဖြစ်တဲ့ အခြေခံစားသောက်ကုန်နဲ့ ကုန်စည်ဈေးနှုန်းတွေကို ထိန်းညှိဖို့ အခွန်ကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်တွေ့မှာတော့ စက်သုံးဆီ ဒီဇယ်ဆီနဲ့ ဓာတ်ဆီဝယ်ယူရတဲ့ ဈေးနှုန်းတွေက မြင့်တက်နေသလို ဝယ်ယူရခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ပြည်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့အတွက် စက်သုံးဆီရည်ညွှန်းဈေးက ဒီဇယ်တလီတာကို ၄,၆၄၀ ကျပ်သာ သတ်မှတ်ထားပေမဲ့ လက်တွေ့မြေပြင်မှာတော့ ဒီဇယ်တလီတာကို ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒါကလည်း နေရာတိုင်း ဝယ်မရဘဲ မှောင်ခိုဈေးကွက်ကနေ ကြိုတင်ချိတ်ဆက်မှသာ ဝယ်ယူလို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုပါတယ်။
ဧရာဝတီတိုင်းမှာတော့ စက်သုံးဆီဆိုင်ကြီးတွေက ဆီပျက်လို့ပိတ်ထားပြီး အပြင်ဆိုင်တွေမှာပဲ ဝယ်နေရတဲ့အခြေအနေကို ဒေသခံ တယောက်က ပြောပြပါတယ်။
“ဆီဈေးတွေကတော့ မကျဘူးဗျ၊ မကျဘူးဆိုတာ အပြင်မှာ ဓာတ်ဆီဆိုရင် ဒီနေ့မှပြန်ရတယ်။ ကျနော်တို့ ပထမနေ့က နေ့ခင်းပိုင်းထည့်တော့ ၈,၅၀၀ ထည့်ရတယ်။ ညနေပိုင်းထပ်ထည့်တော့ ၁၀,၀၀၀ ပေးရတယ်။ ဆီဆိုင်ကြီးတွေကလည်း အကုန်ပိတ်ထားတယ်၊ ဆီပျက်နေလို့ဆိုပြီး၊ ကျန်တဲ့ဆိုင်တွေကတော့ စက်ကလေးတွေ ဂေါက်စက်ကလေးတွေနဲ့ပေါ့ လက်ခွဲရောင်းတယ်၊ တရားဝင်မဟုတ်ဘူး၊ အပြင်မှာဘဲဝယ်ရတာပေါ့။”
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ ဓာတ်ဆီတလီတာ ရည်ညွှန်းဈေးက ကျပ် ၄,၉၇၀ ပေးရပေမဲ့ ပြင်ပပေါက်ဈေးကတော့ ကျပ် ၇,၀၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင်အထိ ပေးရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်သုံးဆီတွေကို QR စနစ်နဲ့ ရောင်းချပေးနေပြီး လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကို တပတ်ကို တဂါလန်နှုန်းနဲ့ တန်းစီရောင်းချပေးတယ်လို့ မွန်ပြည်နယ်ဒေသခံတွေက ပြောပါတယ်။
တန်းစီရာမှာလည်း မနက် ၃ နာရီဝန်းကျင်ကနေ မွန်းလွဲ ၂ နာရီဝန်းကျင်အထိ ဆီဆိုင်တွေက သတ်မှတ်ထားတဲ့ ဆီပမာဏကုန်တဲ့အထိသာ ရောင်းချပေးတယ်လို့ ဆိုပါတယ်။
လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကတော့ မှောင်ခိုဈေးကွက်မှာ ဆီကို ဈေးကြီးပေးပြီး ဝယ်သုံးနေရတယ်လို့ မော်လမြိုင်မြို့ခံတယောက်က ပြောပါတယ်။
“Without (လိုင်စင်မဲ့) တွေ လာထည့်တာများတယ်။ ကားဆိုလည်း Without တွေ၊ ဆိုင်ကယ်ဆိုလည်း Without တွေ။ တရားဝင်ဖွင့်ထားဈေးတော့ မဟုတ်ဘူး၊ မှောင်ခိုဈေးကွက်လို့ တော့ ထင်တယ်။ ဒါပေမဲ့ အစိုးရကို လိုင်စင်တင်ပြီး ရောင်းတာလို့ ထင်တယ်။ Customs ကတော့ တခါတလေ တရက်တော့ ဆီပြတ်တယ်၊ ညနေခင်း သူတို့ဆီကားဝင်တဲ့အခါမှ ပြန်ထုတ်ပေးတယ်။ လိုင်စင်မရှိတဲ့ ဘီးတွေများတော့ မှောင်ခိုဈေးကွက်မှာ ဈေးပိုကြီးတယ်။ စိုက်ပျိုးရေးအတွက်ဆိုရင်တော့ လီတာ ၂၀ ဆံ့ ၂၅ လီတာဆံ့တဲ့ ပုံးတွေကို သူတို့က ပုံးပြတ်ဆိုရင် ၁၃၀,၀၀၀၊ ၁၄၀,၀၀၀ လောက် ရှိတယ်။”
အဲဒီလို စက်သုံးဆီဈေးနှုန်း ကြီးမြင့်ပြီး ဝယ်ယူရခက်ခဲနေတဲ့ အခြေအနေကြောင့် တောင်သူတွေမှာ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ စက်သုံးဆီ မရရှိလို့ စိုက်ပျိုးရေးမလုပ်နိုင်တာနဲ့ သတ်မှတ်ထားတဲ့ သီးနှံဧကအပြည့် မစိုက်ပျိုးနိုင်တာတွေလည်း ကြုံနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
သီရိ











