ပြည်တွင်းစက်သုံးဆီဈေး ၃ ပတ်ဆက်တိုက် ထိုးကျ

ကမ္ဘာ့ရေနံစိမ်းဈေး ကျဆင်းမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာလည်း သီတင်း ၃ ပတ်ဆက်တိုက် အရှိန်အဟုန်နဲ့ ပြန်လည်ထိုးဆင်းလာပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် ရန်ကုန်ရည်ညွှန်းဈေးနှုန်းတွေအရ 92 Ron တလီတာ ၃,၅၆၅ ကျပ်၊ 95 Ron တလီတာ ၃,၆၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၇၅၀ ကျပ် ဖြစ်ပြီး ရိုးရိုးဒီဇယ်ကတော့ ၃,၉၂၀ ကျပ်အထိ ကျဆင်းကာ ၄,၀၀၀ တန်းအောက်ကို ပြန်ရောက်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် တလအတွင်း ရန်ကုန်မှာ ဓာတ်ဆီဈေး ၂၀ ရာခိုင်နှုန်းကျော်နဲ့ ဒီဇယ်ဈေး ၁၃ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာတာပါ။
ကမ္ဘာ့ ဘရန့်ရေနံစိမ်းဈေးဟာလည်း အောက်တိုဘာလအတွင်းက တစည် ဒေါ်လာ ၁၂၀ ဝန်းကျင်အထိ တက်ခဲ့ရာကနေ နိုဝင်ဘာလထဲမှာ ဒေါ်လာ ၉၀ ဝန်းကျင်အထိ ပြန်ကျခဲ့တာ ဖြစ်ပါတယ်။
အခုလကုန်ပိုင်းမှာတော့ တစည်ကို ၉၇ ဒေါ်လာဝန်းကျင်အထိ အနည်းငယ် ပြန်တက်လာပေမဲ့ တလအတွင်း ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းနေဆဲ ဖြစ်ပါတယ်။
အခုလို ပြည်တွင်းစက်သုံးဆီဈေးတွေ သိသိသာသာ ပြန်ကျလာပေမဲ့ သယ်ယူပို့ဆောင်စရိတ်နဲ့ အခြေခံကုန်ဈေးနှုန်းတွေအပေါ် ဘယ်လောက်အထိ လိုက်ပါသက်ရောက်မှု ရှိလာမလဲ ဆိုတာကိုတော့ စားသုံးသူတွေက ဆက်လက်စောင့်ကြည့်နေကြပါတယ်။











