
ဒေါ်နယ်ထရမ့်ပ် အာဏာလက်လွှတ်ပေးရဖို့ တနှစ်ခွဲခန့်သာ ကျန်တော့သဖြင့် ဩဇာကျဆင်းလာနေသည့် Lame duck သမ္မတ ဖြစ်လာနေပြီလား။
ပြည်တွင်းနှင့် ပြည်ပတွင် အကျပ်အတည်းများ များသည်ထက် များလာနေ၍ အားပျော့လာနေသည့် အမေရိကန်သမ္မတနှင့် ရှေ့လျှောက် ဆက်ဆံရမည်ကို ရန်သူရော မိတ်ဆွေများပါ စိတ်သက်သာရာရပြီး ပျော်ရွှင်သွားလောက်သည့် အခြေအနေမျိုး ဖြစ်လာနေသည်။
တရုတ်၊ အီရန်နှင့် အမေရိကန်၏ အခြားရန်သူနိုင်ငံများ၏ ခေါင်းဆောင်များအတွက် ထရမ့်ပ်၏ အမျိုးမျိုးသော ပြင်းထန်သည့် ဖိအားပေး လုပ်ရပ်များကို ၎င်းတို့ ကျော်လွှားနိုင်ခဲ့ခြင်းသည် သမိုင်းတလျှောက် အကြီးကျယ်ဆုံး ဝါဒဖြန့်အောင်မြင်မှု ဖြစ်လာပေတော့မည်။
ထိုနိုင်ငံများရှိ အာဏာရှင်များအဖို့က ဒီမိုကရေစီနိုင်ငံများတွင် ဖြစ်နေသည့် “ထရမ့်ပ်ကို အလွန်ကြောက်ရွံ့မှု” မျိုးကို အပြည့်အဝ မခံစားခဲ့ကြ၍ ဖြစ်သည်။
၎င်းတို့၏ အတွင်းစိတ်ထဲတွင်တော့ ရှီကျင့်ဖျင်နှင့် အပေါင်းအပါများက အိမ်ဖြူတော်ရှိ လူတိုင်းလိုလို ကိုယ်ကျိုးစီးပွားရှာပြီး၊ အမေရိကကို ဦးစားပေးတတ်သည့် အနိုင်ကျင့်သူတွေလို့ ယုံကြည်ထားကြသော်လည်းအချို့က ထရမ့်ပ်လောက် မပေါ်လွင်အောင် ဖုံးကွယ်ထားနိုင်ကြသည်။
မဟာမိတ်များနှင့် မိတ်ဖက်နိုင်ငံ အတော်များများက ထရမ့်ပ်ကို သမ္မတသက်တမ်း အဆုံးထိ ထော့နဲ့ ထော့နဲ့နှင့် လျှောက်သွားသည်ကို မြင်ချင်ကြသည်။
သို့ဆို၍ ဘာလင်၊ ရီယာ့ဒ် သို့တည်းမဟုတ် တိုကျိုက ခေါင်းဆောင်များက ထရမ့်ပ်ကို အီရန် စစ်ပွဲမှာ ရှုံးနိမ့်စေချင်ကြသည်ဟု ဆိုလိုခြင်း မဟုတ်။ တရုတ်နှင့် ကုန်သွယ်ရေး ရင်ဆိုင်မှုမှာလည်း ရှုံးနိမ့်ကြောင်း ဝန်ခံစေချင်ကြသည်မျိုးလည်း မဟုတ်။
အမေရိကန် တကယ်တမ်း အားနည်းလာမည် အရေးကို ဥရောပ၊ အာရှ သို့မဟုတ် အရှေ့အလယ်ပိုင်းက မဟာမိတ်များ အတော်လန့်နေကြမည်သာ ဖြစ်သည်။ ၎င်းတို့အဖို့ ကြာရှည်စွာ အားကိုးလာခဲ့သည့် အမေရိကန်၏ အကာအကွယ်မပါဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် နှစ်ပေါင်းများစွာ လိုအပ်နေသေး၍ပင် ဖြစ်သည်။
လက်ရှိတွင် ဒေါသထွက်နေပြီး မိတ်ဆွေ ကင်းမဲ့နေသည့် ထရမ့်ပ်အဖို့ ကိုယ်တိုင်လုပ်မိခဲ့သည့် အမှားများကြောင့် ထောက်ခံမှုနှုန်း ကျဆင်းလာကာ လွန်စွာအားနည်းလာ၍ အိမ်ဖြူတော်ထဲ ပြန်ဝင်၍ သူ့၏ ကပွဲခန်းမ Ball room နှင့် အောက်မေ့ဖွယ် ရေမုခ်ဦးခုံးအစီအစဉ်များနှင့်သာ အလုပ်ရှုပ်နေမည့်ပုံစံမျိုးကိုတော့ အစိုးရ အတော်များများက ကြိုဆိုကြမည်သာ ဖြစ်သည်။
နိုဝင်ဘာ ကြားကာလ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်သွားပြီး ကွန်ဂရက်တွင် ပါတီအပေါ် ၎င်း၏အခိုင်အမာ ထိန်းချုပ်မှုများ လျော့ကျသွားမည်။ သူ၏ ဧကရာဇ်ဆန်ဆန် အုပ်ချုပ်မှုအပေါ် ကန့်သတ်ချက်တချို့ ရှိလာမည်ဆိုရင် ပို၍ပင် စိတ်သက်သာရာရလာကြမည်သာ ဖြစ်သည်။
ထရမ့်ပ်ကို ရှုံးနိမ့်မှုကြောင့် သင်ခန်းစာရသွားလိမ့်မည်ဟု မျှော်လင့်နေသူများသည် ထိုပုဂ္ဂိုလ်ကို မှားယွင်း တွက်ချက်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံရေး ပရောဟိတ်များက မကြာခင်မှာပင် ထရမ့်ပ်ကို “အာဏာမဲ့ဆုံး သမ္မတ” ဟု ပြောကောင်း ပြောလာနိုင်သည်။ ကွန်ဂရက်က သူ့ဆန္ဒများကို ဆန့်ကျင်လာမည်။ သို့မဟုတ် ငွေကြေးဈေးကွက်များက MAGA စီးပွားရေးမူဝါဒများ ဖြစ်သည့် အခွန်တိုးမြှင့်ခြင်း၊ ကုန်သွယ်ရေးစစ်ပွဲများ ဆင်နွှဲလာခြင်းများအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာမည်ဆိုက ငွေကြေးအရ ကြီးကြီးမားမား ထိခိုက်လာမည်။ ဆိုလိုသည်က စတော့ဈေးတွေ ကျသွားမည်၊ ဒေါ်လာတန်ဖိုး ကျသွားမည်၊ အတိုးနှုန်း မြင့်တက်လာမည်၊ ရင်းနှီးမြှုပ်နှံသူများက ငွေများ ထုတ်ယူသွားကြမည် အစရှိသည်တို့ ဖြစ်လာနိုင်သည်။
ထိုသို့ ဖြစ်လာနိုင်သည်များကို ထရမ့်ပ်က ဂရုစိုက်မည် လူမျိုး မဟုတ်။ ရီပတ်ဘလစ်ကန်ပါတီ၊ ပြည်သူ့မူဝါဒ၊ အမေရိကန်၏ ဘတ်ဂျက်လိုငွေပြမှုများကို သာမန်လူတွေ စိတ်ပူဖို့ ထားခဲ့မည်သာ ဖြစ်သည်။
ထရမ့်ပ်က သူသာ စစ်သေနာပတိချုပ်အဖြစ် ရှိနေသေးရင် ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းအားဖြင့် သမိုင်းတွင် နေရာတခု ရယူနိုင်မည် ဖြစ်သည်။
ပြည်ပအစိုးရများအနေဖြင့် ထရမ့်ပ် Lame duck ဖြစ်တော့မည်ဆိုသော အိပ်မက်မျိုး မက်နေခြင်းကို ရပ်တန့်သင့်သည်။ တောင်ပေါ် ဂေါ်ရီလာများကို လေ့လာသင့်သည်။ အထူးသဖြင့် အသက်ကြီးလာသည့် ငွေရောင်ကျောရိုးရှိ အထီးကြီးတကောင်သည် ကိုယ့်အချိန် ကုန်ဆုံးတော့မည်ဟု ခံစားလာမိသည့်အခါ ဘယ်လိုအကြမ်းဖက်နိုင်သလဲ ဆိုသည်ကိုပင် ဖြစ်သည်။
ထိုအရေးသည် မဟာမိတ်နိုင်ငံများအတွက် အထူးစိုးရိမ်စရာ ဖြစ်သင့်သည်။ အသက်ကြီးလာသည့် ငွေရောင်ကျောရိုးရှိ ဂေါ်ရီလာများသည် သူတို့ ဦးဆောင်နေသည့် အုပ်စုထဲက အဖွဲ့ဝင်များအပေါ် ရက်စက်ကြမ်းကြုတ်တတ်ကြသည်။ ၎င်းအလိုကျ မလိုက်နာသည့် လက်အောက် ငယ်သားများအား အစွယ်တဖွေးဖွေး ထုတ်ပြီး ကြံ့ခိုင်သန်မာလှသည့် ခြေလက်များနှင့် တိုက်ခိုက်ရန် တွန့်ဆုတ်မည်မဟုတ်။
ဆန့်ကျင်ဘက်အနေဖြင့် အခြားအုပ်စုက အားကောင်းသည့် အထီးကြီးများနှင့် တွေ့လျှင်ဖြင့် (ဘာကြောင့်မှန်းမသိ ဗလာဒီမီယာ ပူတင်၏ ရင်အုပ်ဖွင့်ပုံက စိတ်ထဲ ပေါ်လာမိတယ်) အမှန်တကယ် တိုက်ခိုက်မှုထက် ဆူညံစွာ အာဏာပြမှုတွေလုပ်ခြင်းကို ပိုနှစ်သက်တတ်ကြသည်။
Truth Social ပေါ်တွင် ထိုကဲ့သို့ ကြွားဝါသည့် ပို့စ်များ ရေးလို့မရသဖြင့် ဂေါ်ရီလာများသည် ရင်ဘတ်ကို ထုရိုက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ယောင်ဆောင်ပြီး သစ်ပင် သစ်ကိုင်းများကို ချိုးဖျက်ခြင်းမျိုးဖြင့်သာ ကျေနပ်နေခဲ့ရသည်။
ထရမ့်ပ်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း “မကျေနပ်မှု” ဆိုသည့် ခံစားချက်က သူ့၏ “အမေရိကကို ဦးစားပေး” ကမ္ဘာ့အမြင်၏ အဓိက အခြေခံဖြစ်လာခဲ့သည်။
ထရမ့်ပ်သည် ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်ကို မဟာမိတ်များကရော၊ ကုန်သွယ်ဘက်နိုင်ငံများကပါ လိမ်ညာအမြတ်ထုတ်ခံခဲ့သည်ဟု မကျေမနပ် ညည်းညူခဲ့သူ ဖြစ်သည်။ ထိုသို့ ခံခဲ့ရမှုအတွက် ၁၉၄၅ ခုနှစ်နောက်ပိုင်း အမေရိကန်ကို အုပ်ချုပ်ခဲ့သည့် အထက်တန်းလွှာ အီလစ်များကို အပြစ်တင်ခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် နိုင်ငံ၏ မည်သူမျှ မယှဉ်နိုင်ခဲ့သည့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို အမျိုးသားအကျိုးစီးပွားအတွက် အသုံးချရန် မစွမ်းဆောင်နိုင်လောက်အောင် မိုက်မဲခဲ့ကြသည်၊ သို့မဟုတ်ကလည်း သတ္တိမရှိခဲ့ဘူးဟု ဆိုသည်။
ပိုဆိုးသည်က ၎င်းတို့အားလုံးသည် ကမ္ဘာကြီးကို ငြိမ်းချမ်းမှုများ စုဝေးရာ နေရာတခုဖြစ်အောင် လုပ်နိုင်မည်ဆိုသည့် ရိုးအလှသည့် ယုံကြည်ခဲ့မှုနှင့် အမေရိကန်ကို အဆုံးမရှိသည့် စစ်ပွဲများထဲ ဆွဲသွင်းခဲ့ကြသည်။ သူ၏ ပထမအကြိမ် သမ္မတသက်တမ်း တလျှောက်လုံး ထိုသို့ မကျေမနပ် ဖြစ်ခဲ့သည့် အပြောအဆိုများကို ဆက်ထိန်းထားခဲ့သည်။
ဒုတိယအကြိမ် ထရမ့်ပ် သမ္မတသက်တမ်းတွင်တော့ မကျေမနပ်မှုများကို အင်ပါယာဆန်ဆန် နယ်ချဲ့ သိမ်းပိုက်လိုသည့် အပြောနှင့် ပေါင်းစပ်လာခဲ့သည်။
၂၀၂၅ ခုနှစ် အာဏာပြန်ရလာသည့်အခါ ထရမ့်ပ်က ယခင်သမ္မတများကို “မိုက်မဲလှသည်”ဟု ဝေဖန်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂရင်းလန်းကို အမေရိကန်ထိန်းချုပ်မှုမှ လက်လွှတ်ခဲ့ခြင်း၊ ပနားမားတူးမြောင်းကို ပနားမားကို ပြန်ပေးခဲ့ခြင်းများကို ရည်ညွှန်းပြောဆိုခဲ့သည်။ ထိုနှစ်ခုလုံးကို ပြန်ယူမည်ဟု ကတိပြုခဲ့သည်။
ယင်းသည် ဟန်ဆောင်ပန်ဆောင် ပြောနေချင်း မဟုတ်။ ဇန်နဝါရီလတွင် အမေရိကန်တပ်များ ဗင်နီဇွဲလားခေါင်းဆောင်ကို သူ့အိမ်ကနေ ဖမ်းဆီးသွားပြီးနောက် ထိုကဲ့သို့ အပြောအဆိုမျိုး စတင်လာခဲ့သည်။ ထို့နောက် ထရမ့်ပ်က ရေနံကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံအတွက် အမိန့် နာခံတတ်သည့် ခေါင်းဆောင်တဦးကို ကိုယ်တိုင် ရွေးချယ်ခန့်အပ်နိုင်ခဲ့သည်။
"အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ဘယ်သူမှ မေးခွန်းထုတ်ရဲတော့မှာ မဟုတ်ဘူး” ဟု ထရမ့်ပ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သည်။
ယခု သူ၏ သမ္မတသက်တမ်း ၆ နှစ်မြောက်တွေတော့ မကျေမနပ်မှုနှင့် လွှမ်းမိုးချုပ်ကိုင်လိုစိတ်အပြင် တတိယ ရည်မှန်းချက်တခု ထပ်ပေါင်းစပ်လာခဲ့သည်။ ဤသည်က လက်စားချေလိုစိတ်ပင် ဖြစ်သည်။ ၎င်း၏ လက်စားချေလိုစိတ်ဆန္ဒကို လွန်ခဲ့သည့် ၆ လက အစ္စရေးနှင့်အတူ အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းက ပြဆိုနေသည်။
အိမ်ဖြူတော် သတင်းထောက် Maggie Haberman နဲ့ Jonathan Swan တို့ ရေးသားသည့် “Regime Change” စာအုပ်တွင် (ဒုတိယအကြိမ် ထရမ့်ပ် သမ္မတသက်တမ်းအကြောင်း အသေးစိတ် ရေးထားသည့်စာအုပ်) ထရမ့်ပ်သည် အီရန် ထိပ်တန်းခေါင်းဆောင်များကို သတ်ဖြတ်ပြီး ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်ဆီးနိုင်သည့် အခွင့်အရေးကို မြည်းစမ်းခံစားလိုကြောင်း ပြောဆိုခဲ့သည့် အစည်းအဝေးများအကြောင်း ဖော်ပြထားသည်။ အီရန် ပိုကောင်းလာမလား မလာဘူးဆိုသည်ကိုတော့ ဂရုစိုက်ခဲ့သူ မဟုတ်။
အီရန်အစိုးရသည် အမေရိကန်သမ္မတ အဆက်ဆက်ကို အရှက်ရစေခဲ့ပြီး ထရမ့်ပ်ကိုတောင် လုပ်ကြံဖို့ ကြိုးစားခဲ့မှုများအတွက် ယခုသူတို့ ပြန်လည်ပေးဆပ်ခိုင်းနိုင်မည့် အခွင့်အရေး ရလာခဲ့သည်။
စစ်ပွဲအတွက် အများပြည်သူကို အသိပေးခဲ့သည့် ရည်မှန်းချက်က အီရန်၏ အာဏာရှင်အစိုးရကို ဖြုတ်ချရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် စာအုပ်ထဲတွင် ထရမ့်ပ်သည် ၎င်း၏ ရင်းနှီးသည့် အကြံပေးများနှင့် တံခါးပိတ် ပြုလုပ်သည့် အစည်းအဝေးတခုတွင် အီရန်အစိုးရ ပြောင်းလဲရေးအား “သူတို့ရဲ့ ပြဿနာ”ဟု ပယ်ချခဲ့ကြောင်း ရေးထားသည်။ “သူတို့” ဆိုသည်မှာ အီရန်ပြည်သူမျာကို ဆိုလိုခြင်းလား၊ အစ္စရေးကို ဆိုလိုခြင်းလား ဆိုသည်ကို မည်သူမျှ တိတိကျကျ မပြောနိုင်ခဲ့။ သို့သော်လည်း ဒဏ်ခတ်ချင်နေသည့် ရည်ရွယ်ချက် ရှိနေသည်က သံသယဖြစ်စရာ မရှိပေ။
ယခုကဲ့သို့ ဟော်မုဇ်ရေလက်ကြား ပိတ်ထားဆဲအချိန်တွင် ထရမ့်ပ်၏ ဒေါသ အများစုသည် ဥရောပ၊ အာရှနှင့် အာရပ်ကမ္ဘာက မဟာမိတ်များနှင့် မိတ်ဖက်နိုင်ငံများအပေါ် ဦးတည်နေသည်။ ရေကြောင်းလမ်းကို ဖွင့်နိုင်ရန် ကူညီဖို့ ပျက်ကွက်ခဲ့ကြသည့်အတွက် ဖြစ်သည်။
အောင်ပွဲမရသေးက ထရမ့်ပ်သည် လက်စားချေရန် ချောင်းနေသည့် အနေအထားတွင် ဆက်ရှိ နေဦးမည်ဟု မျှော်လင့်ထားသင့်သည်။ ၎င်း၏ ပစ်မှတ်ဖြစ်လာနိုင်သည့် စာရင်းက ရှည်လျားလှ ပေသည်။ နေတိုးအဖွဲ့ဝင်များ အထူးသဖြင့် ကနေဒါနှင့် ဒိန်းမတ်၊ ယူကရိန်း၊ တောင်ကိုရီးယား၊ ကျူးဘားတို့သည်နှစ်ပေါင်းများစွာ ထရမ့်ပ်ကို စိတ်ဆိုးအောင် လုပ်ခဲ့ကြသည့် နိုင်ငံများ ဖြစ်သည်။
ရှီကျင့်ဖျင်ကဲ့သို့ သြဇာတိက္ကမကြီးမားသူတွေကတော့ စိုးရိမ်စရာ မရှိလှပေ။ သူ့ကိုယ်သူ ဂေါ်ရီလာ၊ ဝံပုလွေတို့ကဲ့သို့ တိရစ္ဆာန်အုပ်စုတွင် ခေါင်းဆောင်အထီး “alpha male” ဟု ရိုးတွင်းချဉ်ဆီ အထိခံယူထားသည့် ထရမ့်ပ်သည် အိမ်ဖြူတော်မှ တိတ်တဆိတ် ထော့နဲ့ ထော့နဲ့ဖြင့် ထွက်သွားရန်ကား မည်သည့်အခါမျှ ဖြစ်လာနိုင်မည် မဟုတ်။ ၎င်း၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုကို ယခုကဲ့သို့ ခြိမ်းခြောက်ခံနေရသည့်အချိန်တွင် ကမ္ဘာကြီးအား ယခင်ကထက် ပို၍ ဖရိုဖရဲ ဖြစ်လာစေရန် လုပ်နိုင်စွမ်းရှိနေသည့် ပုဂ္ဂိုလ်အဖြစ် မြင်တွေ့လာရတော့မည် ဖြစ်သည်။
လှစိုးဝေ
(၂၀၂၆ ဩဂုတ် ၂၅ ရက် နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ “As his presidency flounders, Trump is more dangerous than ever” ဆောင်းပါးကို ပြန်လည် တင်ပြသည်။)











