
စစ်တပ်အာဏာသိမ်းကတည်းက တဖက်သတ်စွပ်စွဲချက်တွေနဲ့ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာ ခံနေရတဲ့ နိုငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေးလိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က အဓမ္မဖမ်းဆီးပြီး ဆူပူအုံကြွအောင် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမဲလိမ်လည်မှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုတွေအထိ ပါဝင်တဲ့ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာပါ။
အခုတော့ အဲဒီပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ပေးလိုက်ပြီလို့ ရှေ့နေဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီနေ့မနက်ပိုင်းအထိတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့သတင်းတွေ မရရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ပြောင်းထားမယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “နေအိမ်အကျယ်ချုပ် ပြောင်းထားမယ်လို့ပဲ ကြားတယ်။ ရန်ကုန်အိမ်လား၊ နေပြည်တော်မှာပဲလား အတိအကျ မသိရသေးဘူး။ လောလောဆယ်ကတော့ နေပြည်တော်မှာပဲ ရှိသေးတယ်။ ကျန်းမာရေးတော့ ကောင်းတယ်လို့ ကြားထားပါတယ်။ အမေစုနဲ့ပတ်သက်တာတော့ ကျနော်တို့ ဘာမှ တိတိပပ မသိရဘူး။ စုံစမ်းနေတုန်းပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်ချထားတဲ့ အမှုတခုချင်းစီအလိုက် ပြစ်ဒဏ်တွေရဲ့ ၆ ပုံ တပုံကို လျှော့ပေးကြောင်း ကြေညာချက် ထုတ်ပြန်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်လည်း လျှော့ရက်တွေ ရလာနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။
အကျဉ်းထောင်လက်စွဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေအရ အကျဉ်းထောင်ထဲမှာ စည်းကမ်းနဲ့အညီ ကောင်းကောင်းမွန်မွန် နေထိုင်သူတွေဟာ ၁ နှစ်မှာ ၄ လ (ပြစ်ဒဏ်ရဲ့ ၃ ပုံ ၁ ပုံအထိ) အထိ လျှော့ရက်ခံစားခွင့်ရှိတာပါ။
လက်ရှိမှာ စစ်ကောင်စီက အမှုတခုချင်းစီအလိုက် ထောင်ဒဏ်တွေရဲ့ ၁ နှစ်မှာ ၂ လနှုန်း ၆ ပုံ ၁ ပုံသာ လျှော့ပေးတာဖြစ်တဲ့အတွက် ခံစားခွင့်ရတယ် ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အချိန်အများကြီး သက်သာစရာ မရှိပါဘူးလို့ ခန့်မှန်းကြတာလည်း ရှိပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် အမှတ် ၅၄ ရှေ့မှာတော့ ထူးခြားမှုသိပ်မရှိပေမဲ့ အဟန့်အတားတွေ ဒီကနေ့မှ ချထားတာ တွေ့ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတကြီး ဦးဝင်းမြင့်ကတော့ ဒီနေ့မနက်မှာ တောင်ငူအကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပြီးနောက် မိသားစုထံကို ပြန်လည်ရောက်ရှိပြီ ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဖမ်ဆီးထားတဲ့ စုစုပေါင်းအချိန် ၅ နှစ်နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင် အပါအဝင် နေရာအများအပြားကို ပြောင်းရွှေ့ထားခဲ့ပြီး ဘာသတင်းမှ အတည်ပြု ထုတ်ပြန်တာ မရှိတော့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခု ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း ၃ နှစ်နီးပါးအကြာ လက်ရှိအချိန်အထိ စစ်ကောင်စီက ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လုံးဝမရတော့တာကြောင့် အသက်ရှင်လျက်ရှိတာ မသေချာတော့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။
သုတချမ်းသာ










