
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့မှာ နိုဝင်ဘာ ၁၀ ရက်က တပ်နီအဖွဲ့ လက်ဝဲစွန်းအဖွဲ့ဝင်ဟောင်း လီယိုနာဒို ဘာတူလတ်ဇီဟာ နေအိမ်အကျယ်ချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် သူ့ကို ပြန်လည်ဖမ်းဆီးနိုင်မဲ့ သတင်းပေးနိုင်သူကို ဆုငွေ ပီဆို သန်း ၂၀ ပေးမယ်လို့ အာဂျင်တီးနား လုံခြုံရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ဗျူနိုအေးရိစ်မြို့တော်မှာရှိတဲ့ သူ့ရဲ့တိုက်ခန်းဘေးက မြေကွက်လပ်တခုကို ဖြတ်ကျော်ပြီး လမ်းမပေါ် ကို ခုန်ချလိုက်ချိန် လမ်းဘေးပလက်ဖောင်းပေါ် ပြုတ်ကျသွားပုံကို စီစီတီဗီ မှတ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။
ဘာတူလတ်ဇီကို ခြေချင်းဝတ်မှာ အီလက်ထရွန်နစ် စောင့်ကြည့်ကိရိယာ တပ်ဆင်ထားသလို တိုက်ခန်း အဝင်ဝမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်ထားတဲ့ အနေအထားနဲ့ နေအိမ်အကျယ်ချုပ် ချထားတာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူဟာ စောင့်ကြည့်စနစ်ကို ကျော်လွန်ဖောက်ဖျက်ပြီး ထွက်ပြေးသွားတာဖြစ်ပေမဲ့ ထွက်ပြေး နိုင်ခဲ့တဲ့ အသေးစိတ်အခြေအနေတွေကိုတော့ တရားရေးဆိုင်ရာ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်း ထားပါတယ်။
အီတလီနိုင်ငံက ဘာတူလတ်ဇီကို ပြန်ပေးဆွဲမှုနဲ့ အကြမ်းဖက်ရည်ရွယ်ချက်ရှိတဲ့ လက်နက်ကိုင် အဖွဲ့မှာ ပါဝင်ပတ်သက်မှု အပါအဝင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံစေဖို့ အလိုရှိနေတာပါ။
သမ္မတ ဟာဗီယာမီလေးရဲ့ လက်ရှိအစိုးရလက်ထက်မှာ သူ့ရဲ့ ဒုက္ခသည်အဆင့်အတန်း ရုပ်သိမ်း ခံလိုက်ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ဗျူနိုအေးရိစ်မြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အီလက်ထရွန်နစ် စောင့်ကြည့်စနစ်တခုလုံးကို စေ့စေ့စပ်စပ် ပြန်လည် စစ်ဆေးဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို ရှာဖွေစစ်ဆေးဖို့ ညွှန်ကြား ထားပါတယ်။
လက်ရှိမှာ အသုံးပြုနေတဲ့ စောင့်ကြည့်ကိရိယာတွေအားလုံး ပုံမှန်အလုပ်လုပ်နေပြီး စနစ်တခုလုံး ချို့ယွင်းမှုမျိုး မရှိဘူးလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
တပ်နီအဖွဲ့ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း အီတလီနိုင်ငံမှာ လှုပ်ရှားခဲ့တဲ့ အစွန်းရောက် လက်ဝဲအုပ်စုတစု ဖြစ်ပါတယ်။
သူတို့ဟာ ၁၉၇၈ ခုနှစ်မှာ အီတလီဝန်ကြီးချုပ်ဟောင်းနဲ့ ခရစ်ယျာန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အယ်လ်ဒိုမောရိုကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တာ အပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် လူသိများထင်ရှားခဲ့ပါတယ်။
Source: Reuters











