DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ အကျယ်ချုပ် ပြန်ထားနိုင်လား 
DVB
·
April 19, 2026
ခြံအမှတ် ၅၄ ပထမအကြိမ်လေလံ (Photo: Reuters video screen shot)
ခြံအမှတ် ၅၄ ပထမအကြိမ်လေလံ (Photo: Reuters video screen shot)
Donate to DVB

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ်မှာ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထားနိုင်လားဆိုတဲ့အပေါ် ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။

ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား တချို့ကို စစ်အာဏာရှင်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကိုတော့  ထောင်ဒဏ်လျှော့ပေးပြီး နေအိမ်အကျယ်ချုပ် ပြန်ထားနိုင်တယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာ ခုအချိန်အထိ ဖြစ်မလာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ထားမယ်ဆိုရင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၊ ဒါမှမဟုတ် နေပြည်တော်က နှင်းဆီခြံ နေအိမ်မှာ ပြန်ထားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဟာ အမွေပြဿနာနဲ့ တရားရင်ဆိုင်နေရပြီး နေပြည်တော်ရှိ နှင်းဆီခြံနေအိမ်ကလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးနေကာ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာပါ။

လတ်တလောမှာ နေရာ ၂ ခုစလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ထားဖို့ အဆင်မပြေနိုင်ပေမဲ့ စစ်ခေါင်းဆောင်က ဥပဒေကြောင်းရမဟုတ်ဘဲ အမိန့်အာဏာနဲ့လုပ်မယ်ဆိုရင်တော့ ဖြစ်လာနိုင်စရာ ရှိနေတာပါ။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အဲဒါကတော့ ဒီလက်ရှိအစိုးရရဲ့ သဘောထားပဲလေ၊ အမှုဆိုင်နေတယ် ဆိုသော်လည်းပဲ တရားရုံးရဲ့ အဆုံးအဖြတ်က မရသေးဘူးလေ။ ဒေါ်စုက နဂိုမူလက နေခဲ့တဲ့လူကိုး၊ ပြောမယ်ဆိုလက်ရှိ ပိုင်ဆိုင်သူလို့ ကျနော်တို့ ပြောတာပေါ့ဗျာ၊ ဥပဒေအရ ပိုင်ဆိုင်သူဆိုတာ ရှိတယ်၊ လက်ရှိ ပိုင်ဆိုင်သူဆိုတာ ရှိတယ်၊  ဥပဒေအရပိုင်ဆိုင်သူ ဆိုတာကတော့ တရားရုံးမှာ တရားရင်ဆိုင်ပြီးမှ တရားရုံးမှာ အနိုင်ဒီဂရီရတဲ့သူက ဥပဒေအရ ပိုင်ဆိုင်သူပေါ့။ အနိုင်ဒီဂရီမရခင်မှာ အမှုရင်ဆိုင်နေတုန်းမှာ လက်ရှိနေနေတဲ့သူက လက်ရှိပိုင်ဆိုင်သူပဲလေ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ပိုင်ဆိုင်သူ ဖြစ်နေတာကိုး၊ အဲဒီတော့ ဘာပဲဖြစ်နေနေ ပြန်ထားမယ်ဆိုရင်တော့ ထားလို့ရပါတယ်၊ ဒါကတော့ လက်ရှိအစိုးရရဲ့ သဘောထားပါပဲ။ ဖြေလျှော့မှုတွေ လုပ်နေတဲ့အခါကျတော့ ဘာပဲပြောပြောလေ သမ္မတကြီးဦးဝင်းမြင့်တို့တောင်မှ လွတ်ငြိမ်းပေးလိုက်သေးတာပဲလေ၊ သွားနေတဲ့လမ်းကြောင်းကတော့ နိုင်ငံရေးနည်းအရ ဖြေလျှော့မှုတွေလုပ်ပြီး တဖြည်းဖြည်းနဲ့ ညှိနှိုင်းဆောင်ရွက်ကြမဲ့ အနေအထားမျိုးဖြစ်နေတော့ ဒါဟာ ဖြစ်နိုင်စရာတော့ အကြောင်းရှိပါတယ်”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊  ခြံအမှတ် ၅၄ ကို ရောင်းချဖို့ စစ်အာဏာရှင်က အကြိမ်ကြိမ် လေလံတင်ရောင်းချဖို့ ကြိုးစားခဲ့ပေမဲ့  လေလံဆွဲမဲ့သူ မရှိတာကြောင့် ပွဲပျက်ခဲ့ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ထားမယ် ဆိုတဲ့ သတင်းတွေဟာ လက်ရှိအချိန်အထိ ဖြစ်မလာသေးပေမဲ့ မကြာခင်အချိန်အတွင်းမှာ ဖြစ်လာမယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ရေးသားဖော်ပြနေကြတာပါ။

အရင်အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်တုန်းက နေအိမ်အကျယ်ချုပ် ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမီဒီယာတွေအပါအဝင် နိုင်ငံရေးသမားတချို့ နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒီအသွင်ကို ပုံစံပြန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပြန်ထားတဲ့ နည်းလမ်းနဲ့ ပြည်တွင်းက စစ်ရေးပြဿနာတွေ၊ နိုင်ငံတကာသံတမန်မျက်နှာစာ ကျရှုံးမှုတွေကို အခြေအနေထိန်းဖို့ စစ်ခေါင်းဆောင်က အားထုတ်တာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က "တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်စေတနာ၊ ပြည်သူလူထုအပေါ်မှာထားတဲ့ စိတ်စေတနာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပဲဖြစ်ဖြစ် သူတို့က အခြေခံရိုးသားမှုမရှိတဲ့အခါကျတော့ ဆွေးနွေးပွဲတွေက ဘယ်ဆွေးနွေးပွဲမှ အောင်မြင်ခဲ့တာလည်း မရှိဘူး။ အကျယ်ချုပ်လုပ်ခဲ့သည့်တိုင်အောင် နိုင်ငံတကာသံတမန်တွေက တွေ့မှာပဲလေ။ ဆိုတော့ အဲဒါတွေနဲ့ပတ်သက်လို့ကလည်း သူတို့က ဟန်ပြအကျယ်ချုပ်ထားဖို့ စဉ်းစားသယောင်ယောင် သူတို့လုပ်တာတွေအားလုံးသည် အဲဒီနေရာ ၂ ခုစလုံးက မဖြစ်နိုင်တဲ့ နေရာတွေ။ သူတို့ နဂို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်လိုဖျက်ဆီး လုပ်ထားတဲ့ နေရာတွေလေ၊ အမွေဆိုင်နေရာမှာ သွားလုပ်လို့မရဘူးလေ ပိုဆိုးကုန်မှာပေါ့၊ နှင်းဆီခြံမှာလည်း မဖြစ်နိုင်ဘူးလေ၊ မဖြစ်နိုင်တဲ့ကိစ္စတွေအပေါ်မှာ ဖြစ်နိုင်သယောင်ယောင် လုပ်တာတွေ အားလုံးကတော့ ရိုးကို မရိုးသားတာ၊ နဂိုကတည်းက မရိုးသားတဲ့ကိစ္စကတော့ ယုံကြည်စရာ ဘာအကြောင်းမှမရှိဘူး။ တို့ကတော့ ဓားပြကို ဓားပြလို့ပဲ မြင်တယ်ဗျာ”လို့ ပြောပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး  စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။

ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင် အပါအဝင် နေရာအများအပြားကို ပြောင်းရွှေ့ထားခဲ့ပြီး စစ်ကောင်စီက အချိန် ၃ နှစ်ကျော်လာတဲ့အထိ သတင်းအမှောင်ချခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013