
အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီစံနှုန်းတွေ ယိုယွင်းလာပြီဆိုပြီး သမ္မတထရမ့်ပ်အစိုးရကို ဆန့်ကျင်တဲ့ “ဘုရင် အလိုမရှိ”ဆန္ဒပြပွဲတွေ ပြည်နယ် ၅၀ စလုံးမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ မတ် ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက “ဘုရင် အလိုမရှိ” လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေနဲ့ လက်ရှိ ထရမ့်ပ် အစိုးရလက်ထက်မှာ အစိုးရရဲ့ အလွန်အကျွံလုပ်ဆောင်ချက်တွေကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပြီး ဒေါ်နယ်ထရမ့်ပ် ထွက်သွား၊ “တရားမျှတမှုမရှိ၊ ငြိမ်းချမ်းရေးမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ ခရစ်ဘရန်ဒယ်လ်က “၂၀၁၆ ခုနှစ်မတိုင်ခင်က ကျနော်ဟာ နိုင်ငံရေးနဲ့ လုံးဝကင်းကွာနေခဲ့တယ်။ ဒါပေမဲ့ အခု မကြာသေးမီလတွေအတွင်းမှာ ကျနော့်သားတွေ၊ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အနာဂတ်အတွက် ကျနော် ဘာမှမပြောဘဲ မနေနိုင်တော့ဘူး”လို့ မှတ်ချက်ပြုပါတယ်။
တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်မြို့မှာတော့ လမ်းတွေတလျှောက် ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေနဲ့ တန်ပြန်ဆန္ဒပြသူတွေအကြားမှာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
တန်ပြန်ဆန္ဒပြ သူတွေကို ဦးဆောင်သူတွေထဲမှာ Proud Boys အဖွဲ့ရဲ့ အရင်ခေါင်းဆောင် အန်ရီကေးတာရီယိုလည်း ပါဝင်ပါတယ်။
တန်ပြန်ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့လိုက်လို့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး အသေးစား ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအခြေအနေကို ရဲတွေက ဝင်စွက်ဖက်ခဲ့ပြီး လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
Source: Reuters











