
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲအပိုင် မင်းကြောင်းချောင်းအထိ စစ်အာဏာရှင်တပ်က လာရောက်ပြီး ကုန်တင်စက်လှေနဲ့အတူ လူ ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၉ ရက်မှာ ကျောက်ဖြူ-ရမ်းဗြဲကြားက ရမ်းဗြဲအပိုင် ဝန်ဖိုက်ဒီရေတောရှိ မင်းကြောင်းချောင်းအထိ စစ်တပ်က အမြန်စက်လှေနဲ့ ဝင်ရောက်ကာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်လှေကို သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးသွားတယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီက အတင့်ရဲပြီး ဖမ်းသွားတာ။ အဲဒီ မင်းကြောင်းချောင်းတံတားအနီးဆို AA ထိန်းချုပ်ထားတဲ့ နေရာဘက်မှာ ရှိတာ။ စက်လှေပေါ်မှာ လူသုံးကုန်၊ စက်သုံးဆီတို့ ပါတယ်။ လူရော စက်လှေရော ပါတယ်။ လက်ရှိသိရသလောက် လူ ၁၀ ယောက်ကျော်လောက် ပါသွားတယ်။”
ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေဟာ ရမ်းဗြဲဒေသခံတွေ ဖြစ်ပြီး စစ်တပ်က သူတို့ကို ရေတပ်နဲ့ ကျောက်ဖြူမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျောက်ဖြူ မြို့မရဲစခန်းကိုတော့ ပို့တာတွေ့တယ်။ ထောင်ချ မချတော့ မသိသေးဘူး။”
စစ်အာဏာရှင်ရဲ့ ရေတပ်ဟာ ကျောက်ဖြူ-ရမ်းဗြဲ-သံတွဲ စတဲ့ ပင်လယ်ပြင်တလျှောက် သွားလာ လှုပ်ရှား ကင်းလှည့်နေပြီး AA ထိန်းချုပ်တဲ့ မြို့နယ်တွေကို လက်နက်ကြီးနဲ့ လှမ်းပစ်ရုံသာမက ဒေသခံစက်လှေတွေကိုပါ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၈ ရက်ကလည်း ရမ်းဗြဲ-ကျောက်ဖြူမြစ်ကြားမှာ ဝက်တွေတင်ဆောင်လာတဲ့ ဒေသခံ စက်လှေတစင်းကို ကျောက်ဖြူ သံဇစ်မြစ်မှာ ရပ်ထားပြီး အမြန်စက်လှေနဲ့ ကင်းလှည့်နေတဲ့ စစ်တပ်က သေနတ်နဲ့ လှမ်းပစ်ခဲ့တာကြောင့် အမျိုးသား ၂ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။











