
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ ဘုန်းကြီးကျောင်းဆိပ်ကမ်းမှာ ကပ်ထားတဲ့ စက်သုံးဆီတင်သင်္ဘော ၂၂ စီး မီးလောင်ခဲ့ပြီး ၂ ယောက် သေဆုံးကာ ကား ၂ စီးလည်း မီးထဲပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဧပြီ ၂၀ ရက် ညနေပိုင်းက ဟုမ္မလင်းမြို့နဲ့ ရွှေမျှောဖောင်တွေမှာ အသုံးပြုဖို့ သယ်ဆောင်လာတဲ့ စက်သုံးဆီတင်သင်္ဘော(ဖလက်ခွံ) ၂၂ စီးဝန်းကျင် မီးလောင်တာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ သေဆုံးသူ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဟုမ္မလင်းဒေသခံတယောက်က “ဒဏ်ရာရတာက ၁၁ ဦးရှိပါတယ်။ သေဆုံးတာက ၂ ဦးပါ။ ဖလက်ခွံ ၂၂ စီး မီးလောင်တယ်။ ဆီတင်နေတဲ့ ကား ၂ စီးလည်း ပါတယ်။ ဘယ်ကစပြီး မီးလောင်တာလဲဆိုတာ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
မီးလောင်မှုဖြစ်တဲ့နေရာဟာ နေအိမ်တွေနဲ့ ပေ ၅၀၀ ဝန်းကျင်အကွာမှာရှိပြီး မီးလောင်ပြီး ပေါက်ကွဲ ထွက်တာကြောင့် တမြို့လုံး တုန်ခါသွားတဲ့အထိ အသံတွေကြားရတယ်လို့ ဆိုပါတယ်။
ဆီတင်သင်္ဘောတွေ မီးလောင်တာကို ဟုမ္မလင်းမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် တစီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။










