DVB Logo
Home
နိုင်ငံရေး
နတခတိုင်းမှူး စိုးကျော်ထက် နေရာတွင် အစားထိုးခန့်အပ် 
DVB
·
April 27, 2026
စစ်မှုထမ်း အပတ်စဥ် ၁၇ လူငယ်များကိုဝတ်စုံဝတ်ပေးနေသည့် တိုင်းမှူးစိုးကျော်ထက် (Photo: တပ်နှင့်နီးစပ်သူ)
စစ်မှုထမ်း အပတ်စဥ် ၁၇ လူငယ်များကိုဝတ်စုံဝတ်ပေးနေသည့် တိုင်းမှူးစိုးကျော်ထက် (Photo: တပ်နှင့်နီးစပ်သူ)
Donate to DVB

တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို တုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိတဲ့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်ကို စစ်အာဏာရှင်တပ်က နေရာပြောင်းရွှေ့လိုက်ပြီး အသစ်တယောက်နဲ့ အစားထိုးလိုက်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိတာကြောင့်နဲ့ စီမံကွပ်ကဲမှု ညံ့​ဖျင်းတာကြောင့်ဆိုပြီး နတခတိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်ကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သို့ ပြောင်းရွှေ့လိုက်တာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။  

သူ့ရဲ့နေရာမှာ ဗိုလ်မှူးချုပ်အောင်ကျော်ခိုင် (စတသ-၃၃) ကို အစားထိုးခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

နတခစစ်ဌာနချုပ်နဲ့ နီးစပ်သူက “အပြောင်းအလဲလုပ်ရတဲ့ အဓိကအချက်က ဧရာဝတီတိုင်းထဲ ကူးစက်လာတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေကို ဟန့်တား မရှင်းထုတ်နိုင်တာကြောင့်လို့ သိရပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံနဲ့ လေးမျက်နှာမြို့နယ်ကတဆင့် စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ သာပေါင်း၊ ဟင်္သာတ၊ အင်္ဂပူ၊ လေးမျက်နှာ၊ ကြံခင်း၊ ရေကြည် စတဲ့ မြို့နယ်တွေဘက်ကို တိုးချဲ့ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဟာ လတ်တလောအခြေအနေအထိ တိုက်ပွဲတွေ  ရပ်တန့် လျော့ကျမသွားတာကြောင့် တိုင်းမှူးနေရာကို အပြောင်းအလဲပြုလုပ်တာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စစ်ရေးသတင်းရင်းမြစ်တယောက်က “ရှေ့ကလူတွေ ဘာကွာမလဲ၊ တော်လှန်ရေးတပ်တွေရဲ့ အရှိန်က လျော့မှမသွားတာ။ အပြောင်းအလဲလုပ်လည်း အကြောင်းမထူးဘူး။ အခု အပြောင်းအလဲလုပ်တာနဲ့ဆို ဘယ်နှယောက် ဖြစ်နေပြီလဲ။ ရေကြည်က အမြောက်တပ် အမတ ၃၄၄ တောင် တော်လှန်ရေးတပ်တွေ သိမ်းတော့မယ်လေ”လို့ ပြောပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနေရာကို အခု ဧပြီ ဒုတိယအပတ်က စတင် အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး အခုလို တိုင်းမှူးတွေကို အပြောင်းအလဲလုပ်လာတာဟာ စစ်အာဏာသိမ်းကတည်းကဆိုရင် အခုတယောက်အပါအဝင် တိုင်းမှူး ၅ ယောက်အထိရှိလာပြီ ဖြစ်ပါတယ်။

အဆိုပါတိုင်းမှူးတွေကတော့ ဗိုလ်ချုပ်အောင်အောင်၊ ဗိုလ်ချုပ်ကြည်ခိုင်၊ ဗိုလ်ချုပ်ဝေလင်း၊ ဗိုလ်ချုပ်စိုးကျော်ထက်နဲ့ လက်ရှိ အသစ်ခန့်လိုက်တဲ့ ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်တို့ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013