
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် စစ်ရေးကိစ္စတွေ ကိုင်တွယ်ဖို့အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနဲ့ ကစထမှူး ၄ ဗိုလ်ချုပ်ကျော်လင်းမောင်တို့ကို တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပူးတွဲတာဝန်ပေးလိုက်တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မွန်ပြည်နယ်ထက် ကရင်ပြည်နယ်ကို ပိုမိုထိုးစစ်ဆင်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးကို ခန့်ခဲ့ပြီး တိုင်းမှူးကနေ ကစထမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကျော်လင်းမောင်နဲ့အတူ ပူးတွဲစစ်ရေးကို တာဝန်ယူခိုင်းတာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
“သူရဇော်လွင်စိုးက ကော့ကရိတ်အခြေစိုက် စကခ ၁၂ မှာ စကခမှူးလုပ်ခဲ့တာဆိုတော့ သူ့ကို တပခကနေ ပြန်ခေါ်ပြီး ကရင်ခွင်အတွက် ကစထမှူးနဲ့အတူ တာဝန်ပေးတာ၊ ဝေါလေမြိုင် စစ်ဆင်ရေးမှာ တိုင်းမှူးအဟောင်းရော တိုင်းမှူးအသစ်ပါ ဦးဆောင်နေတာ။”
ရှမ်းမြောက်စစ်ဆင်ရေးမှာ နာမည်ကောင်းရခဲ့တဲ့ DSA ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီးသူရဇော်လွင်စိုးမှာ ကျောက်မဲမြို့ကို ပြန်ရပြီးနောက် ဗိုလ်မှူးချုပ်ရာထူးတိုးကာ ၂၀၂၆ ခုနှစ် နှစ်အစမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့တာပါ။
ကရင်ပြည်နယ် စစ်ဆင်ရေးအတွင်း လေကြောင်းပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက် လက်နက်ကြီးကျလို့ ၂ နိုင်ငံကြား သံတမန်ရေးအရ ဖြေရှင်းနေရတာတွေရှိပြီး ထိုင်နိုင်ငံဘက်က နယ်စပ်မျဥ်းတလျှောက် အသင့်အနေအထား ရှိနေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
“မြန်မာစစ်တပ်က ပစ်တဲ့ လက်နက်ကြီးမှန်သမျှ ထိုင်းဘက် ခဏခဏကျနေတော့ သံတမန်ရေးအရ ဖြေရှင်းနေတာတွေ ရှိသလို အခုဆို ထိုင်းစစ်တပ်က သူတို့ဘက်မှာ အသင့်အနေအထားနဲ့ စောင့်နေတဲ့ပုံစံတွေ တွေ့ရတယ်။”
ကရင်၊ မွန်နဲ့ ကမ်းရိုးတန်းဒေသကို ဦးဆောင်ဖို့ အမှတ် ၄ အထူးစစ်ဆင်ရေးအဖွဲ့မှူးအဖြစ် ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ကျော်လင်းမောင်မှာ DSA ၃၇ ကျောင်းဆင်းဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်၊ ဗိုလ်ချုပ်မင်းသူ၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်ကြည်ခိုင်၊ ဗိုလ်ချုပ်စောသန်းလှိုင်တို့နဲ့ တပတ်စဥ်တည်း ဖြစ်ပါတယ်။










