
ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ နယ်မြေတွေကို ကိုင်တွယ်ရတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဧပြီ ၂၁ ရက်မှာ ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ကို ပြောင်းရွှေ့ခန့်ထားလိုက်တယ်လို့ နတခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အရင်တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ကာ လစ်လပ်နေတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို ဒေသကွပ်ကဲရေးဌာနချုပ် (လွိုင်ကော်) မှ ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်ကို တာဝန်ပေးလိုက်တာလို့ နတခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“နတခကို ရောက်လာတဲ့ တိုင်းမှူးတွေက ၂ နှစ်တကြိမ် ပြောင်းနေကျ၊ ၅ နှစ်အတွင်း တိုင်းမှူးပြောင်းတာ ၄ ယောက်ရှိပြီ။ ဗိုလ်ချုပ်စိုးကျော်ထက်ကို ၂၀ ရက်နေ့က တပခတိုင်းကို ပြောင်းလိုက်တယ်။ ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်က ၂၁ ရက်မှာ ရောက်လာတယ်။ မနေ့ကတောင် နွေရာသီ သိုင်းသင်တန်းဖွင့်ပွဲမှာ တိုင်းမှူးအသစ်က စကားလာပြောသွားတယ်။”
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းကို စစ်ဘက်ကိုပြန်ခေါ်ကာ တပ်ထိန်းချုပ် ဗိုလ်မှူးချုပ်စိုးကျော်ထက်ကို တိုင်းမှူးအဖြစ် စစ်ခေါင်းဆောင်က ခန့်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဝေလင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အရင်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာမှာ စစ်ခေါင်းဆောင်က အစားထိုး ခန့်ထားခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်မှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် ရာထူးတိုးပြီးနောက် ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်ခေါင်းဆောင်က ခန့်ထားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်အထိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးအောင်အောင် ဖြစ်ပါတယ်။










