DVB Logo
Home
နိုင်ငံတကာ
ဘိုလီးဗီးယားစစ်စခန်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံး
DVB
·
September 5, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ စစ်တပ်စခန်းတခုမှာ စက်တင်ဘာ ၄ ရက်က ပေါက်ကွဲမှုကြီး တခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ယောက် သေဆုံးကာ နောက်ထပ် ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ဘေးပတ်ဝန်းကျင်က ကြည့်ရှုနေသူတွေဟာ ဘေးလွတ်ရာ ကို အမြန်ထွက်ပြေးခဲ့ကြရတဲ့ ပုံရိပ်တွေကို မျက်မြင်တွေ့ရှိသူရဲ့ ဗီဒီယိုရိုက်ကူးချက်ထဲမှာ တွေ့ရ ပါတယ်။

လာပက်ဇ်ကနေ ၁၉ မိုင်လောက် အကွာမှာရှိတဲ့ ဘိုလီးဗီးယားနိုင်ငံ၊ ဗီယာချာ ဒေသန္တရနယ်မြေက စစ်ရေးသုံး ယမ်းပစ္စည်းတွေ သိုလှောင်ရာနေရာမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယမ်းဂိုဒေါင်ကနေ စတင်ပေါက်ကွဲခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ လူ ၁၀ ယောက်နဲ့ ၁၅  ယောက်ကြား သေဆုံးခဲ့တယ်လို့ ယူဆရပြီး ၆၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗီယာချာမြို့ ကျန်းမာရေးညွှန်ကြားရေးမှူး ရီတာ နယ်ဘရက်စကာက ဒေသတွင်း ရုပ်သံကို ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက တတိယအဆင့် မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးငယ်တယောက် အပါအဝင် ၁၄ ယောက်ကို လာပက်ဇ်မြို့ရှိ ဆေးရုံတွေကို လွှဲပြောင်းပေးခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လူ ၅၀ ထက်မက ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် မှန်တွေ ကွဲထွက်ကာ နေအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။

ထိခိုက်ပျက်စီးမှုတွေကို စစ်ဆေးဖို့နဲ့ ဒဏ်ရာရသူတွေကို ကျန်းမာရေးစင်တာတွေဆီ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့အတွက် လူနာတင်ယာဉ်တွေ၊ ဆေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်တပ်စခန်းဆီ စေလွှတ်ခဲ့ပါတယ်။

နယ်ဘရက်စကာရဲ့ ပြောကြားချက်အရ အခင်းဖြစ်ပွားရာနေရာမှာ အပူရှိန်ကျန်ရှိနေသေးတာကြောင့် နောက်ထပ်ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွားနိုင်ခြေရှိကြောင်း မီးသတ်သမားတွေက သတိပေးထားပြီး ဒေသခံတွေကို အနည်းဆုံး ပေ ၅၀၀ လောက် အကွာမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013