DVB Logo
Home
မြန်မာသတင်း
ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးထားမှု ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အတွက် စိုးရိမ်
DVB
·
June 19, 2026
Photo: Min Zin Facebook
Photo: Min Zin Facebook
Donate to DVB

အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်နိုင်ငံက မှားယွင်းဖမ်းဆီးခံရတဲ့အပေါ် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar ဘက်က တရုတ်အာဏာပိုင်တွေကို တောင်းဆိုထားသလို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပညာရှင်တချို့ကလည်း တရုတ်ရဲ့ အခုလုပ်ရပ်အပေါ် စိုးရိမ်ကြောင်း ထုတ်ပြောပါတယ်။

မြန်မာ့နိုင်ငံရေးကို လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်တဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို သွားရောက်တုန်း ဇွန်လ ဆန်းပိုင်းမှာ တရုတ် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး တရုတ်ရဲ့ နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကတော့ ဦးမင်းဇင်ကို သူလျှိုမှု သံသယနဲ့ ဖမ်းဆီးထားတာလို့ ဇွန် ၁၂ ရက်က ပြောကြားခဲ့တာပါ။

ISP-Myanmar ဘက်ကတော့ အထောက်အထားမဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ ဇွန် ၁၇ ရက်မှာ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့ကလည်း တရုတ်အာဏာပိုင်တွေအနေနဲ့ ဥပဒေကြောင်းအရ ပွင့်လင်း မြင်သာမှုရှိဖို့ တောင်းဆိုပါတယ်။

Fortify Rights အဖွဲ့ရဲ့ Human Rights Associate မချစ်ဆိုင်းက "ပထမဦးဆုံးအနေနဲ့ပေါ့နော် တရုတ်အာဏာပိုင်တွေအနေနဲ့ ဦးမင်းဇင်ကို သူတို့ ချက်ချင်းပေါ့နော် ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကျမတို့ Fortify Rights အနေနဲ့တောင်းဆိုချင်ပါတယ်။ တရုတ်ကတော့ ပုံမှန်အတိုင်းပဲ သူတို့ကို ဝေဖန်တဲ့သူတွေဆိုရင် နှုတ်ပိတ်တယ်၊ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတာတွေလုပ်နေတဲ့ ဓလေ့တွေသူတို့မှာရှိတယ်ပေါ့နော်။ အခုလည်း အမျိုးသားလုံခြုံရေး စွပ်စွဲချက်လို့တော့ သူတို့ပြောတယ်။ ဒါပေမဲ့ တခြား ဘာအချက်အလက်ကိုမှ သူတို့ရေရေရာရာ မထုတ်ပြဘူးပေါ့နော်။ အဲ့တာဟာ စိုးရိမ်စရာတခုဖြစ်တယ်။ စွပ်စွဲချက်ကဘာပဲဖြစ်ပါစေ သူ့ရှေ့နေနဲ့ သူတို့ထိတွေ့ခွင့် ရှိရမယ်၊ မိသားစုတွေနဲ့လည်း အဆက်သွယ်ပေးခွင့်ရှိတယ်ပေါ့နော်၊ ပြီးရင်ကောင်စစ်ဆိုင်ရာ အကူအညီရခွင့်တွေ၊ ဥပဒေအရပေါ့နော် အကာအကွယ် သူ့မှာရပိုင်ခွင့်တွေကတော့ သူရကို ရသင့်ပါတယ်၊ ရလည်း ရနေရပါမယ်ပေါ့နော်”လို့ ပြောပါတယ်။

ဦးမင်းဇင်ဟာ ကယ်လီဖိုးနီယားတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံနဲ့ မာစတာဘွဲ့ရထားသူဖြစ်ပြီး လက်ရှိ မှာလည်း မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးနဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို လေ့လာနေတဲ့ ဝါရင့် သုတေသီ တယောက် ဖြစ်ပါတယ်။

အခုလို ပညာရှင်တယောက်ကို သူလျှိုမှုနဲ့ စွပ်စွဲဖမ်းဆီးတာဟာ ဒေသတွင်း ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အပေါ် ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ရှုမြင်ပါတယ်။

"သူ့ရဲ့ ဒီတရုတ်နိုင်ငံရေးရာကိစ္စတွေကို အဲ့လိုသုတေသနပြုပြီးတော့ သူ့ရဲ့တွေ့ရှိချက်၊ ထင်မြင်ယူဆ ချက်တွေကို ပြောနေဆိုနေတာတွေက သူလျှိုလုပ်ငန်းအဖြစ် အကြောင်းပြချက် ယူလို့ရတယ်ဆိုတဲ့ ဟာက ဒီပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အပေါ်မှာ စိန်ခေါ်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်။ အထူးသဖြင့် ဒေသတွင်းမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ၊ ပြီးရင် ပထဝီနိုင်ငံရေးမှာ ပြောင်းလဲ တိုးတက်မှုတွေ ရှိနေပြီးတော့ ဒီတရုတ်ရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ ကျယ်ပြန့်လာတဲ့ဟာတွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖို့အတွက် ကျနော်တို့ အတားအဆီး ဖြစ်သွားနိုင်တယ်ပေါ့နော်။ Intellectual platform တခုမှာ ပါဝင်ရုံနဲ့ သူလျှိုခေါင်းစဉ် တပ်ခံရတယ်ဆိုတဲ့ ဟာက အင်မတန် စိုးရိမ်စရာ ရှိတယ်လို့ ပြောလို့ရတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဦးမင်းဇင်ကို နိုင်ငံတော်လုံခြုံရေး ထိခိုက်မှုနဲ့ သူလျှိုမှု သံသယတွေနဲ့ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။  ဒါပေမဲ့ ဦးမင်းဇင်ဟာ အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်လို့ အမေရိကန် ကောင်စစ်ဝန်ရုံးကလည်း ဒီအမှုကိုစောင့်ကြည့်နေပါတယ်။ တရုတ်အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်ရဲ့ ထုံးစံအရ အမှုသွားအမှုလာကို အချိန်ယူ စစ်ဆေးလေ့ရှိတယ်လို့ ဆိုပါတယ်။

"တရုတ်ပြည်ကို ဆန့်ကျင်လို့၊ တရုတ်ပြည်အကြောင်းပြောလို့တော့ သူတို့ ဒီလောက်တော့ ပြဿနာမရှိဘူးထင်တယ်။ ဒါပေမဲ့ သူပြောတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ သူလျှိုမှုဆိုတာတော့ နည်းနည်း ပိုပြီးတော့ ပုဒ်မကြီးသွားတာပေါ့နော်။ ဘာတွေမှန်းမသိဘူးဗျ။ တချို့ကိစ္စတွေလည်း ဥပမာအားဖြင့် သူတို့ တရုတ်တပ်ထဲက တချို့ ဗိုလ်ချုပ်ကြီးတွေထုတ်ပစ်တာလည်း အဲ့ဒီ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ ပုဒ်မတွေနဲ့ဗျ။ တချို့ အန္တရာယ်ရှိတယ်နဲ့ တူတယ်။ ကျမသိပ်မသိဘူး ကိုမင်းဇင်ကိစ္စ အဲ့ဒါတော့လေ။ စောင့်ကြည့်ရမှာ၊ သူတို့ ကြေညာမှာပဲ ထင်တယ် ကြည့်ရတာလေ။ ဟို တကယ်လို့ အမှု သေချာသွားပြီ ဘာပြီညာပြီဆို သူတို့ အမှု တရားရုံးတင်တယ်၊ တရားစွဲတယ် ဘာညာဆိုရင်တော့ ကြေညာမှာပဲ ထင်တယ်။ ကောင်စစ်ဝန်နဲ့ တွေ့ရတယ်ဆိုရင်တော့ အမှုခင်း အမှုလာတွေကို ဆွေးနွေးနေကြတာ ထင်တယ် ကြည့်ရတာလေ။”

လက်ရှိမှာတော့ ISP-Myanmar အနေနဲ့ ဦးမင်းဇင်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေသလို၊ ခြိမ်းခြောက်ဖိအားပေးမှု မရှိဘဲ လွတ်လပ်စွာ သုတေသနပြုခွင့်ရရှိရေးဟာ အလွန်အရေးကြီးကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ဟာ ရှေ့လျှောက် မြန်မာ-တရုတ် ဆက်ဆံရေးနဲ့ ပညာရပ်ဆိုင်ရာနယ်ပယ်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

စိုးသူအောင် 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013