
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာရှိတဲ့ ကျောင်းတကျောင်းဟာ ဩဂုတ် ၁၀ ရက်ကစပြီး လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကျောင်းတခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအတွက် ကျောင်းထဲမဝင်မီ သတ္တုရှာစက်တွေနဲ့ ရှာဖွေစစ်ဆေးမှုတွေ စတင်ပြုလုပ်နေတာပါ။
ကျောင်းပေါက်ဝမှာ သတ္တုလက်နက် ပါ၊ မပါ စစ်ဆေးမှုကို ကျောင်းသားအုပ်ထိန်းသူတွေကလည်း လက်ခံခဲ့ပါတယ်။
“သတ္တုရှာစက်တွေနဲ့ ရှာဖွေတာ ကျောင်းသားတွေအတွက် ကောင်းပါတယ်။ မိဘတွေအတွက်လည်း စိတ်အေးရတာပေါ့” လို့ အသက် ၅၈ နှစ်အရွယ်ရှိ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
ဒီလုံခြုံရေးတိုးမြှင့်မှုကို ဘန်ကောက်မြို့လယ်က ဒပ်ဆီရင်ကျောင်းမှာ စတင်ခဲ့တာဖြစ်ပြီး စတင်ဖြစ်ခဲ့ပုံကို ကျောင်းအုပ်ကြီးက အခုလို ပြောပါတယ်။
ဒပ်ဆီရင် ကျောင်းအုပ်ကြီးက “မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့လို့ ကျနော်တို့ ကျောင်းလုံခြုံရေးအတွက် အစည်းအဝေးတွေ အမြန်လုပ်ပြီး လုံခြုံရေးတိုးမြှင့်ခဲ့တာပါ။ ကျောင်းဆိုတာက အလုံခြုံဆုံးနေရာ ဖြစ်ရမှာဖြစ်လို့ ဒီလို လက်နက်တွေ ကျောင်းအတွင်းကို ဘယ်တော့မှ ဝင်ရောက်ခွင့် မပြုရပါဘူး။ ကျနော်တို့ရဲ့ လုံခြုံရေးအဆင့်မြှင့်တင်မှုက မိဘတွေရဲ့ ယုံကြည်မှုပါ။ ကျောင်းသားတွေကို အမြင့်ဆုံးအဆင့် ဂရုစိုက်သွားမှာပါ” လို့ ပြောပါတယ်။
ဩဂုတ် ၇ ရက်က နွန်ထဘူရီခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတယောက်ရဲ့ ကျောင်းတွင်း သေနတ်ပစ်ခတ်မှုကြောင့် သူကိုယ်တိုင် အပါအဝင် လူ ၉ ယောက် သေဆုံးခဲ့သလို အဘိုးနဲ့ အဘွား ဖြစ်သူလည်း အိမ်မှာ ပစ်သတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ၄ နှစ်နီးပါးအတွင်း ထိုင်းနိုင်ငံမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးမှုအများဆုံး ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
သေနတ်သမားဟာ အဘိုးဖြစ်သူရဲ့ သေနတ်ကို ယူပြီး ကျည်ဆန် ၂၆ တောင့် ပစ်ခတ်ခဲ့ကာ အသုံးမပြုရသေးတဲ့ ကျည်ဆန် ၃၄ တောင့်ကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒီသေနတ်ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ ၉ ယောက် သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ကာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ အဆိုးရွားဆုံး သေနတ်ပစ်ခတ်မှု ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ သေနတ်ကိုင်ဆောင်မှု အများဆုံးနိုင်ငံဖြစ်ပြီး လက်နက်ကိုင်မှုကို ထိန်းချုပ်ဖို့ ငြင်းခုန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။
Source: Reuters










