
တောင်အာဖရိကမှာ နိုင်ငံခြားသားဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် နိုင်ငံခြားသား အသိုက်အဝန်းတွေကြားထဲ စိုးရိမ်မှုတွေ တိုးနေတဲ့အချိန်မှာ နေရပ်ပြန်မဲ့ ဂါနာနိုင်ငံသား ပထမဆုံးတသုတ်ဟာ မေ ၂၇ ရက်မှာ ပြန်လည်ပို့ဆောင်ရေးလေယာဉ်နဲ့ တောင်အာဖရိက ကနေ ထွက်ခွာသွားပါတယ်။
အာဏာပိုင်တွေဟာ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတဲ့ နိုင်ငံသားတွေအတွက် သူတို့ သဘောဆန္ဒအလျောက် နေရပ်ပြန်ပို့ပေးတဲ့ လုပ်ငန်းစဉ်ကို စတင်လိုက်တာဖြစ်ပြီး အဲဒီအုပ်စုထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။
ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဂါနာနိုင်ငံသားတယောက်ကတော့ ခဏခဏ နှောင့်ယှက် စော်ကားခံရတာကြောင့် အခုလို ပြန်ဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
“ကိုယ့်နိုင်ငံကိုယ် ပြန်ရတော့မှာမို့လို့ ဝမ်းသာပါတယ်။ သူများနိုင်ငံမှာနေပြီး အမြဲတမ်း အနှောင့်အယှက်ခံနေရတာ မလွယ်ပါဘူး။”
တောင်အာဖရိကဆိုင်ရာ ဂါနာသံအမတ်ကြီး ဘင်ဂျမင်ကွာရှီးက အခုလို ပြန်ပို့ပေးတာဟာ တင်းမာမှုတွေကို လျှော့ချဖို့ဖြစ်ပြီး တဖက်မှာလည်း ၂ နိုင်ငံကြားက ခိုင်မာတဲ့ သံတမန်ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ကွာရှီးက “ဆန္ဒပြတဲ့သူတွေကလည်း ကျနော်တို့ကို အတူတူ ပူးပေါင်းလုပ်ဆောင်စေချင်တာပါ။ အထောက်အထားမရှိတဲ့ သူတွေကို နေရပ်ပြန်ပို့ဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဥပဒေအတိုင်း လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်။ အဖွဲ့အစည်းတွေက သေချာအလုပ်လုပ်မယ်ဆိုရင် ဒီလိုအခြေအနေမျိုးနဲ့ ကြုံရမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် အခုအခြေအနေကြောင့် အက်ကရာနဲ့ ပရီတိုးရီးယား အစိုးရတွေအကြား သံတမန်ရေးအရ အက်ကြောင်းထသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း ကွာရှီးက ပယ်ချလိုက်ပြီး ဒီ ၂ နိုင်ငံဟာ ပြည်သူတွေရဲ့ အပြန်အလှန် အကျိုးစီးပွားအတွက် ဆက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားမှာပါလို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဂါနာအစိုးရကတော့ သူတို့နိုင်ငံသားတွေကို နောက်ထပ်လည်း ဆက်ပြီး ကယ်ထုတ်ဖို့ အစီအစဉ်ရှိပြီး လာမဲ့ရက်ပိုင်းတွေထဲမှာ ထပ်ပြီးထွက်ခွာဖို့ ရှိနေပါတယ်လို့ ပြောထားပါတယ်။
Source: Reuters










