
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ မတ် ၁၆ ရက်ညနေက ရေဆင်းချိုးတဲ့ ကလေး ၅ ယောက်ထဲက ၃ ယောက် ရေနစ်ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရ ပါတယ်။
မနေ့ ညနေ ၆ နာရီက ချင်းတွင်းမြစ် ဇက်ဆိပ်အနီးမှာ အသက် ၁၀ နှစ်ကျော်ကနေ ၁၅ နှစ် ဝန်းကျင် အရွယ် ယောက်ျားလေး ၄ ယောက်နဲ့ မိန်းကလေးတယောက် စုစုပေါင်း ကလေး ၅ ယောက် ရေနစ်ခဲ့တာ ဖြစ်ပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “၅ ယောက် ရေဆင်းချိုးတာ ၂ ယောက်ကို ရေချိုးတဲ့နေရာ အနီးမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မိန်းကလေးတယောက်နဲ့ ယောက်ျားလေး ၂ ယောက်၊ အားလုံး ၃ ယောက်ကို ဆက်လက်ရှာဖွေနေပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းအထိ မတွေ့ သေးပါဘူး” လို့ ပြောပါတယ်။
ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးတွေကို ဒေသခံတွေနဲ့အတူ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) မြို့နယ်ရုံးက ရေငုပ်ရှာဖွေရေးအဖွဲ့ဝင်တွေက ဆက်လက်ကူညီ ရှာဖွေနေတယ်လို့ သိရ ပါတယ်။
မတ် ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ထဲ ရေဆင်းကူးတဲ့ ကျောင်းသား၊ ကျောင်းသူ ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒါကြောင့် ပူပြင်းတဲ့နွေရာသီမှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးတာ၊ ရေချိုးတာတွေ လုပ်ပါက ကလေးငယ်တွေအနေနဲ့ အထူးသတိပြုဖို့ လိုအပ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေက အကြံပြုပါတယ်။










