
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းမှာ အီဘိုလာဗိုင်းရပ်စ် မြန်မြန်ဆန်ဆန် ကူးစက် ပြန့်ပွား နေပြီး ကူးစက်ခံရသူ အရေအတွက်ဟာ ၄,၀၀၀ ကျော်သွားပြီဖြစ်သလို ကလေးငယ် ၃၀၀ ကျော် အပါအဝင် ၁,၈၅၀ ယောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ရောဂါဖြစ်ပွားနေတဲ့ အီတူရီပြည်နယ်ဟာ စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာသူ ၁ သန်းနီးပါး ရှိနေတဲ့ဒေသဖြစ်ပြီး အဲ့ဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ကြ ပါတယ်။
ဒီလို ဒုက္ခသည်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ အီဘိုလာ ရောဂါကူးစက်မှုကို ပိုပြီး ခံစား နေကြရတယ်လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန်ဟက်ခ်က ဩဂုတ် ၇ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ အချက်အလက်တွေအရ ရောဂါစတင်ဖြစ်ပွားချိန် ကစလို့ ကလေးငယ် ၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ရောဂါအတည်ပြုလူနာ စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံ နီးပါးဟာ ကလေးတွေဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာတော့ ၃ ပုံ ၁ ပုံနီးပါးအထိ ပါဝင်နေတာပါ။
ရောဂါကူးစက်ခံရမှာ ကြောက်လို့ ဆေးရုံဆေးခန်း မသွားကြတာကြောင့် ကျန်းမာရေးဝန်ဆောင်မှု ယူတာ ၄၀ ရာခိုင်နှုန်းကျော်အထိ ထက်ဝက်နီးပါး လျော့သွားပါတယ်။
ကျန်းမာရေးဌာနတွေလည်း ဝန်နဲ့အား မမျှတာမို့ ကိုယ်ဝန်ဆောင်တွေ ဆေးကုသမှု မယူနိုင်ကြဘဲ မီးဖွားစဉ် နောက်ဆက်တွဲပြဿနာတွေနဲ့ တပတ်ကို အမျိုးသမီး ၆ ယောက်လောက် သေဆုံးနေရလို့ မိခင်သေဆုံးမှုနှုန်း ၂ ဆနီးပါး တက်လာတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က သတိပေးပါတယ်။
ကိုယ်ဝန်ဆောင်တုန်း အီဘိုလာကူးစက်ခံရရင် ကလေးပျက်ကျနိုင်ခြေ ရာနှုန်းပြည့်နီးပါး ရှိနေတာ ဖြစ်ပါတယ်။
ဒေသခံလူထုရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ ကွန်ဂို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အာဖရိကရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (Africa CDC) တို့နဲ့ ပူးပေါင်းပြီး ဒေသခံလူထုအကျိုးပြုလုပ်သား ၁၃,၀၀၀ ကို စေလွှတ်ထားပါတယ်။
ရောဂါကာကွယ်ရေးနဲ့ စောစောစီးစီး သိရှိနိုင်ရေးအတွက် လူဦးရေ ၂ ဒသမ ၄ သန်းကျော်ထံ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ခဲ့ပြီး သတင်းအမှားတွေကို တိုက်ဖျက်ဖို့နဲ့ ဆေးကုသမှု စောစောစီးစီး ခံယူကြဖို့အတွက် နေအိမ်ပေါင်း ၅ သိန်းကျော်ကို အိမ်တိုင်ရာရောက် သွားရောက် အသိပညာပေးခဲ့ကြပါတယ်။
တဖက်မှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ နည်းပညာအကြံပေးအဖွဲ့က တရားဝင် အသိအမှတ် ပြုထားတဲ့ တခုတည်းသော အီဘိုလာကာကွယ်ဆေး (Ervebo) ကို ကွန်ဂိုမှာ စမ်းသပ် ကုသမှုတွေ စတင်လုပ်ဆောင်ဖို့ အကြံပြုထားတာကြောင့် တတ်နိုင်သမျှ အမြန်ဆုံး စမ်းသပ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်နေပါတယ်။
Source:Reuters










