
ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအနီး အမြောက်တပ် အမတ ၃၄၄ ကနေ ထွက်ပြေးတဲ့ စစ်သား ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။
ဧပြီ ၂၂ ရက် ညနေပိုင်းက ရေကြည်မြို့နယ်အခြေစိုက် အမတ ၃၄၄ ကနေ စစ်သား ၆ ယောက် ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးတဲ့အထဲက ၂ ယောက်ကို ဧပြီ ၂၂ ရက် ညနေပိုင်းက ပစ်ခတ် ဖမ်းဆီးခံရပြီး ၄ ယောက် လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ နီးစပ်သူက “ဒဏ်ရာရထားတဲ့ တပ်သား ၂ ယောက် ပြန်အဖမ်းခံရတာလို့ သိရပါတယ်။ အမြောက်တပ်အနီးမှာ ထပ်ပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာ” လို့ ပြောပါတယ်။
အဆိုပါ ထွက်ပြေးတဲ့ စစ်သား ၆ ယောက်ထဲက ၄ ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်ဖမ်းမိတဲ့ ၂ ယောက်ဟာ ရှေ့တန်းမှာ ဒဏ်ရာရရှိခဲ့တဲ့ တပ်သား ၂ ယောက် ဖြစ်ကာ ပေါင်နဲ့ ခြေထောက်တွေကို ထပ်မံပစ်ခတ် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ထွက်ပြေးတဲ့ စစ်သားတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်တွေပါဝင်ပြီး သူတို့ကို စစ်တပ်နဲ့ ရဲတွေ အပြင် နယ်မြေခံ အုပ်ချုပ်ရေးမှူးတွေက လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ရဲတွေက ထွက်ပြေးစစ်သားတွေကို ပြန်လည်ဖမ်းဆီးရမိစေဖို့ ငါးသိုင်းချောင်းမြို့ က စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို ထပ်မံ အင်အားဖြည့် စစ်ဆေးနေပြီး အမတ ၃၄၄ အမြောက်တပ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ လိုက်လံရှာဖွေနေ ပါတယ်။










