
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ၂၀၂၆ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး သေဆုံးသူ ၃ ယောက်နဲ့ ဆေးရုံတက် ကုသရသူ ၁၅၅ ယောက် ရှိတယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး သေဆုံးသွားတဲ့ လူနာတွေဟာ ဇွန် ၁၈ ရက်က ရမ်းဗြဲမြို့နယ်က အသက် ၁ နှစ်ခွဲအရွယ် ကလေးတယောက်၊ ဇူလိုင် ၈ ရက်နဲ့ ၉ ရက်မှာ မြောက်ဦးမြို့နယ် ဝေသာလီ ကျေးရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး တယောက်တို့ ဖြစ်ကြပါတယ်။
ရခိုင်ဒေသမှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလေ့ရှိပြီး သေဆုံးနှုန်း မြင့်မားတဲ့ သေလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး မိုးရာသီမကျခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့သလို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဆေးရုံတက် ကုသရတဲ့ သွေးလွန်တုပ်ကွေးလူနာတယောက်ကို စတင်တွေ့ရှိခဲ့ပြီး မြို့နယ်တချို့မှာ ကြိုးကြားကြိုးကြား တွေ့ရှိခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ လူ့အသက်ကို သေဆုံးနိုင်သလို ကူးစက်မြန်ရောဂါ ဖြစ်တာ ကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ပြသ သင့်တယ်လို့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတယောက်က ပြောပါတယ်။
“သွေးလွန်တုပ်ကွေးက မိုးရာသီဆို အဖြစ်အများဆုံးရောဂါဖြစ်တယ်။ လူ့အသက်ကို သေဆုံးနိုင်တဲ့ အထိ ပြင်းထန်တာကြောင့် ရောဂါလက္ခဏာတွေ ခံစားရရင် ကိုယ့်ရဲ့အိမ်မှာ ဆေးမြီးတိုနဲ့ ကုသ နေတာထက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ပြီး ကုသသင့်ပါတယ်။ ဒါမှ ကိုယ့်အသက်အန္တရာယ်နဲ့ မိသားစု ကျန်းမာရေးကို ကာကွယ်နိုင်ကြမှာပါ။”
သွေးလွန်တုပ်ကွေးရောဂါဟာ မိုးဦးနဲ့ မိုးနှောင်းရာသီတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီး ရေအိုင် တွေမှာ ပေါက်ဖွားလေ့ရှိတဲ့ ခြင်ကြားကိုက်ခံရတာကတဆင့် ကူးစက်ခံရတဲ့ရောဂါဖြစ်ကာ ဩဂုတ် လနဲ့ စက်တင်ဘာလတွေမှာ ရောဂါဖြစ်ပွားမှု လျော့နည်းသွားအောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းတွေကို အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့လည်း အာရက္ခ ပြည်သူ့ ကျန်းမာရေးဌာနက ဆိုပါတယ်။
အာရက္ခဒေသတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို တိကျစွာ လိုက်နာကြဖို့နဲ့ သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာတွေ ခံစားရပါက နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကုသကြဖို့နဲ့ ကပ်ရောဂါအသွင် ကူးစက်ခံရပါက နီးစပ်ရာ မြို့နယ် ကျန်းမာရေးဌာန(သို့) မြို့နယ်အုပ်ချုပ်ရေးဌာန တွေကို သတင်းပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိကာလဟာ တော်လှန်ရေးကာလကို ဖြတ်သန်းနေရပေမဲ့လည်း အာရက္ခ ပြည်သူ့ကျန်းမာရေးဌာန အနေနဲ့ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ ရောဂါတွေ၊ ကူးစက်ရောဂါတွေ အတွက် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းတွေ၊ ရောဂါမပြန့်ပွားအောင် အချိန်မီ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် တပြိုင်နက်တည်း ကြိုးပမ်း ဆောင်ရွက် နေကြတယ်လို့ ပြောထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာလည်း ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၄၅၂ ယောက် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ယောက်အထိ ရှိခဲ့တယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။










