
အမေရိကန်လူမျိုး လေယာဉ်မှူးတယောက်ကို ပစ်သတ်ခဲ့ပြီး လေယာဉ်ကိုလည်း မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံး ပါပူအာဒေသက အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TPNPB) သူပုန်တွေက ဇူလိုင် ၂ ရက်မှာ ဗီဒီယိုမှတ်တမ်း ထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို သယ်ဆောင် မောင်းနှင်လာတဲ့ လေယာဉ်ဟာ ပါပူအာ ကုန်းမြင့်ပြည်နယ်၊ ယာဟူကီမိုဒေသကို ဆင်းသက်လာတာဖြစ်ပြီး သူတို့တပ်ဖွဲ့တွေဟာ အမေရိကန် လေယာဉ်မှူး နီကိုးလပ်စ် အက်ဖ် ဂေါ့စ်ဆယ်လင်ကို ပစ်သတ်ခဲ့ပြီး လေယာဉ်ကိုလည်း မီးရှို့ခဲ့တယ်လို့ TPNPB သူပုန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆီဘီဆမ်ဘွန်က ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ အင်ဒိုနီးရှားနဲ့ အမေရိကန်အစိုးရကို မက်ဆေ့ခ်ျပေးဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာလို့ သူက ပြောပါတယ်။
TPNPB အဖွဲ့က ပေးပို့လာတဲ့ ဗီဒီယိုထဲမှာ သူပုန်တွေဟာ သေနတ်တွေ၊ ပုဆိန်တွေကို ကိုင်ဆောင်ထားပြီး လွတ်လပ်ရေးရဲ့ သင်္ကေတဖြစ်တဲ့ "Morning Star" အလံကို လွှင့်ထူကာ အခုလို တိုက်ခိုက်မှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာန အနေနဲ့တော့ ဗီဒီယိုကို ရိုက်ကူးတဲ့နေရာနဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲဒီအဖွဲ့ရဲ့ ယာဟူကီမိုဒေသ စစ်ဦးစီးချုပ် အယ်လ်ကီးယပ်စ် ကိုဘက်ခ် ကလည်း အစိုးရအနေနဲ့ လာရောက်ရှာဖွေချင်ရင် အရပ်သားတွေကို ဒုက္ခမပေးဘဲ သူတို့အဖွဲ့ကိုပဲ တိုက်ရိုက်လာရှာဖို့ သတိပေးထားပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဆာဖန်နဲ့ နီနီယာ ခရိုင်တွေဘက်ကို မလာဖို့ ပြောပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို လာသယ်ချင်ရင် စစ်တပ်နဲ့ ရဲတွေကို မလွှတ်ဘဲ သမ္မတကိုယ်တိုင်အပြင် ယာဟူကီမို ခရိုင်အုပ်ချုပ်ရေးမှူး ဒီဒီမက်စ် ယာဟူလီနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ ကိုယ်တိုင် လာရောက်ယူဆောင်ရမယ်လို့ ကန့်သတ်ချက်တွေလည်း ထုတ်ပြန်ထားပါတယ်။
သဘာဝသယံဇာတ ကြွယ်ဝတဲ့ ပါပူအာဒေသ အနောက်ခြမ်းမှာ အင်ဒိုနီးရှားနိုင်ငံကနေ ခွဲထွက်မဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ကြာပြီဖြစ်ပြီး တိုက်ခိုက်ရေးသမားတွေဟာ လက်နက်ကောင်းတွေ ပိုမိုရရှိလာတာနဲ့အမျှ သူတို့ရဲ့ တိုက်ခိုက်မှုတွေကလည်း ပိုပြီး ပြင်းထန်ကာ သေကျေပျက်စီးမှု ပိုများလာနေတာ ဖြစ်ပါတယ်။
Source: Reuters











